Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး ပညာရေးဒီဂရီကောလိပ် လေးနှစ်သင်ကျောင်းသား ကျောင်းသူများနှင့်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် သင်တန်းသားသင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပညာပါရမီခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများထံမှ နာခံ၊ မှတ်သား၊ အတုယူကာမိမိတို့၏တပည့်များကို ဆရာ့ကျင့်ဝတ်ငါးပါးနှင့်အညီ ပြန်လည်သင်ကြား ဆုံးမ ပဲ့ပြင်ပေးကြရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ချည်စက်) များသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ အတန်းတက်ရောက်ပညာသင်ယူနေမှုကို ကြည့်ရှုအားပေးပြီး ဆရာ ဆရာမများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တပည့်ကျောင်းသား ကျောင်းသူများကို လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမပေးရန်နှင့် ကျောင်းနေမြဲရေးအတွက် စည်းရုံးဆောင်ရွက်ပေးရန်၊ အမှန်တကယ်စာတတ်မြောက်အောင် သင်ကြားပေးရန်မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာတက္ကသိုလ်သို့ရောက်ရှိပြီး သိပ္ပံလက်တွေ့ခန်းများနှင့် ဘာသာရပ်ဌာနများကို စစ်ဆေးကြည့်ရှုပြီး ကျောင်းသားကျောင်းသူများ စာသင်ခန်းများတွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုများ၊ စာသင်ဆောင်များ သန့်ရှင်းသာယာသပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားမှုအခြေအနေများကိုကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်