Skip to main content

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိတောင်ပေါ်ဒေသကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၆

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးဦးစီး၍ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် တောင်ပေါ်ဒေသများတွင်နေထိုင်ကြသည့် ပြည်သများ ဒေသလူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတက်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော်ပျဉ်းမနားမြို့နယ်အတွင်းရှိ ဝေသာလီကျေးရွာသို့ ရောက်ရှိကြသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဝေသာလီကျေးရွာ ရွှေဘုံသာကျောင်းတိုက် ဆရာတော်ဆရာတော်ဘဒ္ဒန္တကုမာရထံ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

ဒေသခံများနှင့်တွေ့ဆုံ

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဝေသာလီကျေးရွာရှိ ရွှေဘုံသာကျောင်းတိုက်၌ သစ်တွန်၊ ပြည်ထောင်ကိုး၊ ဘန့်ဘား၊ ဘို့မ၊ အလယ်ချောင်းနှင့် ကိုးတစ်ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာဆရာများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားပြည်သူလူထုတို့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင်က မြို့ပြနှင့်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုမရှိစေရေးအတွက် ယခုကဲ့သို့ကွင်းဆင်း၍ လာရောက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရရှိမှသာ ဒေသဖွံ့ဖြိုးရေးဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံရေးသည် အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုဒေသတွင် သီးနှံများစိုက်ပျိုးလျက်ရှိသည်ကို တွေ့ရကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလိုပြီး နှစ်ရှည်သီးနှံပင်များ၊ ဒေသနှင့်ကိုက်ညီသည့် ကော်ဖီပင်များစိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းနိုင်သဖြင့် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် တောင်ပေါ်ဒေသကျေးရွာအုပ်စု ခုနစ်အုပ်စု အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များနှင့် ဆရာဆရာမများကို စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးစိမ်ခြင်ထောင်များ၊ First Aid Kid ဆေးအိတ်များနှင့် ဆေးဝါးများ၊ မျိုးစေ့များ၊ ကလေးကစားစရာပစ္စည်းများ၊ ကျောင်းသုံးစာရေး ကိရိယာများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ တောင်ပေါ်ဒေသကျေးရွာအုပ်စု (၇) အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေးနှင့်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံတိုင်းရင်းသား ပြည်သူလူထုကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ နေပြည်တော်ကောင်စီဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေး

ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ဝေသာလီကျေးရွာ ရွှေဘုံသာကျောင်း၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများနှင့်ကလေးငယ်များကို တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် အခြေအနေတို့ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးသည့်မွေးစာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှုတို့ကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံပေးနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

သတင်းစဉ်