နေပြည်တော် ဇွန် ၆
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ရှိ ချင်းတွင်းခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီ နိုင်ရေးအတွက် ပြည်သူလူထု အသိပညာပေး လုပ်ငန်းများကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ်ကို အမျိုးသားရေတာဝန်တစ်ရပ်အဖြစ်ခံယူကာ အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းအောင်မြင်စွာကောက်ယူရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပြီးသန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာ ပေး TV Spot များကို ပြသသည်။
ဆက်လက်၍ တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ခံတို့က သန်းခေါင်စာရင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၊ ဖူဆယ်အားကစားရုံသို့ရောက်ရှိပြီး နိုင်ငံသားကတ်ပြားရှိပြီးဖြစ်သည့် ပြည်သူများအား ၎င်းတို့၏ကိုယ်ရေးအချက်အလက်များကို နေပြည်တော်ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ ကိုယ်ရေးအချက်အလက် (Biogra-phic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ် ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးကာ လုပ်ငန်းများ မှန်ကန်မြန်ဆန်စေရေးနှင့် အချက်အလက်ကွဲလွဲမှုများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ပြင်ဆင်အတည်ပြုဆောင်ရွက်နိုင်ရေး မှာကြားသည်။
ထို့နောက် Unique ID နံပါတ် ရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများ၏ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး ပြီး UID နံပါတ် ထုတ်ပေးဆောင်ရွက်မှုနှင့် အခြားသောဝန်ဆောင်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြား၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရုံးအဆောက်အဦအခြေအနေနှင့် ရုံးဝင်းအတွင်း ရာသီသီးနှံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတပ်ဆင်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်