Skip to main content

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ကျောက်ဆည်စက်မှုနယ်မြေရှိ စက်ရုံ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၅

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုနယ်မြေရှိ ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် စက်ဘီးစက်ရုံ (ကျောက်ဆည်)၊ အပ်ချုပ်စက်စက်ရုံ (ကျောက်ဆည်)၊ ဖိနပ်စက်ရုံ (ကျောက်ဆည်)၊ အမှတ် (၉) အထည်စက်ရုံ (ကျောက်ဆည်) နှင့် သောက်ရေသန့်စက်ရုံခွဲ (ကျောက်ဆည်) တို့သို့ ရောက်ရှိပြီး စက်ရုံအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စက်ရုံများကို ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စက်ရုံငှားရမ်းစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများအား အရည်အသွေးကောင်းမွန်စေရေးအတွက် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်တွင် စစ်ဆေးသည့်နေရာများ သတ်မှတ်ဆောင်ရွက်ရန်နှင့် ထုပ်ပိုးမှုစနစ်များ ကောင်းမွန်အောင်လည်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံများအလိုက် ရေးဆွဲထားရှိသည့် မီးဘေးလုံခြုံရေးစီမံချက်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် နိုင်ငံတော်နှင့် ပြည်သူကို အလုပ်အကျွေးပြုနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးများ တိုးတက်မြင့်မားစေရေးအတွက် လေ့လာသင်ယူမှုလုပ်ငန်းများကို အစဉ်အမြဲဆောင်ရွက်နေရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး စက်ရုံငှားရမ်းထားရှိသည့် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်