နေပြည်တော် ဇွန် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ မျိုးစေ့ချကိရိယာ (Seeder) များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သီးနှံစိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအားဖွံ့ဖြိုးတိုးတက်စေရန် သီးထပ်၊ သီးညှပ်သုံးသီးအပြည့် စိုက်ပျိုးနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ တောင်သူများအနေဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းလွင်က မျိုးစေ့ချကိရိယာ (Seeder) များ လိုအပ်မှု၊ ရရှိမှုအခြေအနေများနှင့် မိုးစပါးစိုက်ပျိုးရာသီတွင် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦးက (Seeder) ထုတ်လုပ်ပြီးစီးမှုနှင့် ရာသီချိန်အမီရရှိရေး ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်းရှိ မြို့နယ်အလိုက် မျိုးစေ့ချကိရိယာ (Seeder) များကို ပေးအပ်ရာ သက်ဆိုင်ရာမြို့နယ်များမှ တောင်သူများက လက်ခံရယူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မျိုးစေ့ချကိရိယာများအား လှည့်လည်ကြည့်ရှုအား ပေးကြသည်။
ယနေ့အခမ်းအနားတွင် သီးနှံစိုက်ပျိုးတောင်သူများအတွက် မျိုးစေ့ချကိရိယာ (Seeder)ထောက်ပံ့ ပေးအပ်မှုအနေဖြင့် လယ်ဝေးမြို့နယ်အတွက် ၉၂ ခု၊ ဒက္ခိဏသီရိမြို့နယ်အတွက် ၁၅ ခု၊ ဇေယျာသီရိမြို့နယ်အတွက် ၁၀ ခု၊ ပုဗ္ဗသီရိမြို့နယ်အတွက် ၁၆ ခု၊ တပ်ကုန်းမြို့နယ်အတွက် ၄၀ စုစုပေါင်း ၁၇၃ ခု ကို ပေးအပ်ခဲ့သည်။
သတင်းစဉ်