ရန်ကုန် ဇွန် ၅
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်များကို ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများ ဆောင်ရွက်ပေးရန် အသိပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA ) က ဇွန် ၅ ရက်တွင် ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက နေ့စဉ်ရောင်းချရမည့်ရွှေဈေးနှုန်းကို တစ်နေ့သုံးကြိမ် သတင်းထုတ်ပြန်ပေးလျက်ရှိပြီး ရွှေရောင်းချသည့်အခါတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် အသိပေးသည်ဟု YGEA ကထုတ်ပြန်ထားသည်။ ထို့ပြင် ထုတ်ပြန်ချက်အတွင်း ရွှေဆိုင်များကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် အသိပေးကြောင်း ဖော်ပြထားသည်။
ထိရောက်စွာအရေးယူဆောင်ရွက်မည်
သက်ဆိုင်ရာက လာရောက်စစ်ဆေးသည့်အခါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်သည်ဟုလည်း နေ့စဉ်ရွှေဆိုင်များမှ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
ရွှေစျေးအခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရွှေဆိုင်လုပ်ငန်းရှင်အချို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်သူ ၂၁ ဦးကို ဇွန် ၂ ရက်တွင် ဖမ်းဆီးခဲ့သည့်အပြင် ရွှေဈေးမြင့်တက်ရန်အတွက် နောက်ကွယ်မှ ဆောင်ရွက်နေသည့် ဝိန့်စိန်ရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်တို့မှ တာဝန်ရှိသူများအပါအဝင် ထွက်ပြေးတိမ်းရှောင်သူ ၁၀ ဦးကိုလည်း အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
MT