နေပြည်တော် ဇွန် ၅
မိန်းကလေးများကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားခြင်းနှင့် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီးရရှိသော အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် မိုင်းဇင်းအုပ်စုနေ မ ---၊ ၁၅/၂၃ နှစ်အား တစ်မြို့နယ်တည်းနေ အားမီးရှဲ (ခ) ပီတို့လို့ (ခ) မီရှဲလဲ (လိင်ပြောင်း) က အထူးဒေသ (၂)၊ မိုင်းပေါက်မြို့တွင် အိမ်အကူအလုပ်အား တစ်လလျှင် စားစရိတ်ငြိမ်း တရုတ်ငွေ ယွမ် (၁၀၀၀) ရရှိမည်ဟု လိမ်လည်စည်းရုံးပြောဆို၍ တရုတ်ဇနီးမယားအဖြစ် တရုတ်ငွေယွမ် (၃၀၀၀၀) ဖြင့် ရောင်းစားကာ ရရှိသော အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ကျိုင်းတုံမြို့မရဲစခန်း (ပ) ၃၂၂/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။ တရားရုံးမှ ဇွန် ၄ ရက်တွင် တရားခံ အားမီးရှဲ (ခ) ပီတို့လို့ (ခ) မီရှဲလဲ (လိင်ပြောင်း) အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်နေ ဒေါ်သန်းသန်းထွေး၊ မနီ (ခ) နီနီဝေနှင့် မဇူလိုင်မိုးဦး (ခ) နှင်းသဇင်ဦး၊ သူရစိုး (ခ) ရရ တို့က တစ်မြို့နယ်တည်းနေ မ---၊ ၁၈/၂၀၂၃ နှစ်နှင့် မ ---၊ ၁၉/ ၂၀၂၃ နှစ်တို့အား ဘဝရပ်တည်ရန်ခက်ခဲသောအခြေအနေကို အခွင့်ကောင်းယူကာ တရုတ် ပြည်နယ်စပ်ရှိ စားသောက်ဆိုင်တွင် တစ်လယွမ် (၂၀၀၀) နှင့် ညီမျှသော မြန်မာငွေ ကိုးသိန်းကျပ်ရမည်ဟု စည်းရုံးပြောဆို၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်းဆန်း- မိုင်းပေါက်မြို့ရှိ ခြူးခြူးအနှိပ်ခန်း၌ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသည့် ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် မြိတ်မြို့မရဲစခန်း (ပ) ၂၇၇/ ၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။ ကလေးသူငယ်တရားရုံးမှ မေ ၂၄ ရက်တွင် ကလေးသူငယ်တရားခံ သူရစိုး (ခ) ရရအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ- ၈၈ (ဂ) အရ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။ ဇွန် ၄ ရက်တွင် တရားခံ ဒေါ်သန်းသန်းထွေး၊ မနီ (ခ) နီနီဝေနှင့် မဇူလိုင်မိုးဦး (ခ) နှင်းသဇင်ဦးတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ်စီ ကျခံစေရန်တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်