နေပြည်တော် ဇွန် ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အလက-၁) နှင့် စာပန်းအိမ်ကိုယ်ပိုင်ကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် စာသင်ခန်း၊ စာသင်ဆောင်များ၊ သင်ကြားသင်ယူနေမှုများ၊ ကျောင်းစာကြည့်တိုက်များနှင့် ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုများ၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးသည် အဓိကကျကြောင်း၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက်ရေးသည် အလွန်ပင်အရေးကြီးကြောင်း၊ နိုင်ငံအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ ပြုစုပျိုးထောင် မွေးထုတ်ပေးရေးအတွက် ပညာရေးကဏ္ဍအသီးသီးတွင် တာဝန်ယူဆောင်ရွက်နေကြသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းကြမှသာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းရောက်ရှိရေးအတွက် စည်းရုံးဆောင်ရွက်ကြရန်နှင့် အနိမ့်ဆုံး KG+9 (အခြေခံပညာအလယ်တန်းအဆင့်) ပြီးမြောက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင် ပြီးမြောက်သူများအတွက် ခရိုင်အလိုက် ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် မိမိတို့စိတ်ပါဝင်စားရာ ာသာရပ်အလိုက် တက်ရောက်သင်ယူနိုင်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများနှင့်ပတ်သက်၍ အလယ်တန်းအဆင့် ကျောင်းသားများကို ရှင်းလင်းပြောကြားပေးရန် လိုအပ် ပါကြောင်း။
နိုင်ငံတော်အတွက် အရည်အချင်းပြည့်ဝသော ပညာတတ်လူတော်လူကောင်းများ ပြုစုပျိုးထောင်မွေးထုတ်ပေးစေလိုကြောင်း၊ ပညာတတ်၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသော ကျောင်းသား ကျောင်းသူများဖြစ်ပါမှ နိုင်ငံတော်က အားထားရသူများဖြစ်လာမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများ၏ တင်ပြလာမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၅ ရက်အထိ အခြေခံပညာကျောင်းသား ကျောင်းသူ ၆၇၉၂၃၆၂ ဦး လာရောက်အပ်နှံ ပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများလည်း သက်ဆိုင်ရာကျောင်းများသို့ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်