နေပြည်တော် ဇွန် ၅
နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင်ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံလုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အစိုးရဌာနများမှ ရိုက်နှိပ်ရမည့် စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့တွင် အပ်နှံဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြားခဲ့ပါကြောင်း၊ ထို့ပြင် စာအုပ်စာစောင်များ ရိုက်နှိပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကကပြည်ကွပ်ကဲမှုအောက်ရှိ မြဝတီစာပေတိုက်တွင်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့ရှိ ပုံနှိပ်တိုက်တို့တွင်လည်းကောင်း၊ သာသနာရေးဦးစီးဌာနရှိ ကမ္ဘာအေးစာပုံနှိပ်တိုက်တွင်လည်းကောင်း လုပ်ငန်းအပ်နှံနိုင်ရေး ဆက်သွယ်ဆောင်ရွက်ရန်နှင့် မဖြစ်မနေအခြေအနေမှသာ ပြင်ပ၌ ရိုက်နှိပ်နိုင်ရေး ဆောင်ရွက်ရန် ထပ်ဆင့်ညွှန်ကြားပါကြောင်း၊ ညွှန်ကြားချက်အပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း။
ဧပြီ ၃၀ ရက်တွင် ပထမအကြိမ် ကော်မတီအစည်းအဝေး ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ပုံနှိပ်ပေးရမည့်ဌာနများမှ ပုံနှိပ်ပေးနိုင်မည့်အခြေအနေကို တောင်းခံခဲ့ပြီး အကြောင်းပြန်ကြားချက်များလည်း ရရှိခဲ့ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြု၍ ရိုက်နှိပ်ရမည့်စာအုပ်စာစောင်များကို အစိုးရပိုင်ပုံနှိပ်စက်များတွင် ရိုက်နှိပ်နိုင်ရန်၊ စက်များကို စွမ်းအားပြည့်လည်ပတ်နိုင်အောင်ဆောင်ရွက်ပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများမှ အပ်နှံနိုင်မည့် လုပ်ငန်းပမာဏများကို တင်ပြကြစေလိုကြောင်း၊ လက်ရှိတွင်လည်း ဌာနဆိုင်ရာများက ပုံနှိပ်အပ်နှံမှုများ ယခင်ကထက် ပိုမိုများပြားမှု ရှိလာပါကြောင်း၊ အလားတူ ကကပြည်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပုံနှိပ်တိုက်တို့သို့လည်း ဆက်သွယ်အပ်နှံမှုများ ရှိလာပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်နှင့် ပုံနှိပ်လုပ်ငန်းဆောင်ရွက်ပေးရမည့်ဌာနများမှ တာဝန်ရှိသူများက ပုံနှိပ်ဆောင်ရွက်ပေးနိုင်မှုအခြေအနေ၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးစာအုပ်အပ်နှံမှု၊ နိုင်ငံတော်အဆင့် ဆောင်ရွက်ခဲ့သည့် ပုံနှိပ်လုပ်ငန်းများ၊ တပ်ဆင်ထားသည့်ပုံနှိပ်စက်များ၏ စက်စွမ်းအားနှင့် လုပ်ငန်းဆောင်ရွက်နိုင်မှုပမာဏ၊ လုပ်ဆောင်ပေးနိုင်မည့် ပုံနှိပ်လုပ်ငန်းအမျိုးအစားများ၊ စက်ပစ္စည်းနှင့် ကုန်ကြမ်း အခြေအနေကန့်သတ်ချက်အရ ဆောင်ရွက်ခြင်းမပြုနိုင်သေးသည့်အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများက ပုံနှိပ်လုပ်ငန်း အပ်နှံနိုင်မည့် လုပ်ငန်းပမာဏနှင့် ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ပေးမည့် အစိုးရပိုင် ပုံနှိပ်စက်များ၌ အပ်နှံကြရန်၊ အပ်နှံမည့်အမျိုးအစားအရေအတွက်စာရင်းကို ကြိုတင်ပေးပို့ကြရန်နှင့် ညွှန်ကြားချက်နှင့်အညီ ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားသည်။
သတင်းစဉ်