နေပြည်တော် ဇွန် ၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ (Unique ID) နံပါတ်ထုတ်ပေးနေမှုကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Unique ID နံပါတ် လာရောက်ဆောင်ရွက်ကြသူ ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး၍ UID နံပါတ်ရရှိပြီးပါက ပြည်သူများ ရရှိခံစားနိုင်မည့်အကျိုးကျေးဇူးများနှင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းနိုင်ရေးတို့ကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက်ပေးပြီး e - ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ UID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် နိုင်ငံသားကတ်ပြားမရှိသေးသူနှင့် လဲလှယ်လျှောက်ထားသူ စုစုပေါင်း ၃၅ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးကာ Biographic / Biometric ကောက်ယူ၍ UID နံပါတ်တစ်ပါတည်းထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြားရှိပြီးသူ ပြည်သူ ၂၈၀ ကို Biographic/ Biometric ကောက်ယူ၍ UID နံပါတ်ထုတ်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးရုံးချုပ်ခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၍ နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေးလုပ်ငန်းကိုလည်း သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြအတည်ပြုချက်ရယူဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ချိတ်ဆက်ဆောင်ရွက်ရပြီး နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်၍ ယင်းလုပ်ငန်းစဉ်များ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်မြင်ရေးအတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်း လင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်