Skip to main content

မတ္တရာမြို့နယ်တွင် လူငယ် ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာအနီးတွင် လူငယ် ၃ ဦးကို  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၄ ရက်နေ့တွင် သတ်ဖြတ်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် ရှမ်းမြောင်းကျေးရွာနှင့် အနီးဝန်းကျင်များသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်ခြင်းနှင့် သွားရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်ရာတွင် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် အကြမ်းဖက်သမားများက မနာလိုမရှုစိမ့်ဖြင့် အပြစ်မဲ့ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေပြီး တရားမဝင်ပြည်ဖျက်မီဒီယာများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ထင်ယောင်ထင်မှားဖြစ်စေရန် ဝါဒဖြန့်လှုံ့ဆော်ရေးသားနေခြင်းသာဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်ရာလုံခြုံရေးတပ်စခန်းများသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။