Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့်တွေ့ဆုံ Myanmar Rice Online-MyRo အစီအစဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော် ဇွန် ၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌တွေ့ဆုံပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Myanmar Rice Online-MyRo အစီအစဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် နေပြည်တော်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကြဲပက်စိုက်ပျိုးနည်းမှ မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်များ အသုံးပြုစိုက်ပျိုးနိုင်ရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ ဆန်မှအဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်စပါးနှင့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက Myanmar Rice Online-MyRo အွန်လိုင်း မှတ်ပုံတင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် အထွက်နှုန်းကောင်းသည့် မျိုးစပါးများ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများနှင့် လယ်ယာသုံးစက်ကိရိယာများ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက MSME ထုတ်ကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်နေမှုအခြေအနေများကို ဖြည့်စွက်ဆွေးနွေး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးတို့ကို အမြဲမပြတ်ဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲစေရေး ကြပ်မတ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်