Skip to main content

Snack & Bakery နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၄

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂ ရက် နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တတ်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် Butter Cake ၊ Banana Cake ၊ Chocolate Cake၊ Chiffon Cake ၊ Cup Cake ၊ Cookies ၊ ကိတ်မုန့်ခြောက်၊ ပူတင်းပေါင်မုန့်၊ ပဲပေါင်မုန့်၊ စနိုးပူတင်း၊ ဆနွင်းမကင်းအစရှိသော မုန့်အမျိုးမျိုးအပြင် Quality Control ဖြင့် မုန့်ပြုလုပ်ရာတွင် သန့်ရှင်းလတ်ဆတ်သော အရည်အသွေးမီမုန့်များ ဖြစ်စေရန်အတွက် ကောင်းမွန်သော ထုတ်လုပ်မှုအလေ့အကျင့်စနစ် (Good Manufacture Practices - GMP) ၊ သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ (Good Hygiene Practices) တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ဝန်ထမ်းများအနေဖြင့် သင်တန်းမှသင်ကြားပေးသည့် ပညာရပ်များကို တတ်မြောက်အောင် ကြိုးစားသင်ယူကြရန်နှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာရပ်များကို သက်ဆိုင်ရာတိုင်းရင်းသားပြည်သူများကိုလည်း လက်ဆင့်ကမ်းမျှဝေပေးရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားသင်တန်းသူများအနေဖြင့် ယခုသင်ကြားပို့ချသည့် နည်းပညာများကို တန်ဖိုးထားသင်ကြားလေ့လာ၍ လေ့ကျင့်သွားကြရန်ပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ သင်တန်းတွင် အသုံးပြုမည့် အ‌ထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှု ကြသည်။

ယခုသင်တန်းကို ဇွန် ၃ ရက်မှ ၁၂ ရက်အထိ ရှစ်ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချ‌ပေးမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၂ ဦး တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်