Skip to main content

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၂၄) ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၄

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်(၁/၂၀၂၄) ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သိရှိလိုက်နာဆောင်ရွက်

ဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများအနေဖြင့် စက်ပစ္စည်းအင်အားကို အကျိုးရှိစွာအသုံးချနိုင်ရန် စက်ပစ္စည်းများအတွက် ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေလျာထားခြင်း၊ ဝယ်ယူခြင်း၊ စက်ပစ္စည်းဝယ်ယူရန် ရန်ပုံငွေမလုံလောက်ခြင်းနှင့် မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များကြောင့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များကို စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ တင်ပြခြင်းတို့အတွက် တစ်ပြေးညီ စံထားလိုက်နာရမည့် လုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၂၄)ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။

အကျိုးကျေးဇူးများရရှိစေမည်

ညွှန်ကြားချက် (၁/၂၀၂၄) ကို ထုတ်ပြန်ခြင်းအားဖြင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးသည် ငွေလုံးငွေရင်းအသုံးစရိတ်ဖြစ်သော စက်ပစ္စည်း၊ ဆောက်လုပ်ရေး၊ အခြားတို့ကို ခွဲခြား၍ လုပ်ထုံးလုပ်နည်းပါ ညွှန်ကြားချက်များနှင့်အညီ ရန်ပုံငွေလျာထားခြင်းအားဖြင့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲရသည့်အခြေအနေများ လျော့ကျစေနိုင်ခြင်း၊ စက်ပစ္စည်းဝယ်ယူသည့် လုပ်ငန်းစဉ်များ မြန်ဆန်စွာဆောင်ရွက်နိုင်ခြင်း၊ ဘတ်ဂျက်လျာထားမှုများ ခိုင်မာစွာဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ဆောင်ချက်များ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြု ကြစေလိုကြောင်း ပြောကြားသည်။   

ထို့နောက် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးက ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း)အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်(၁/၂၀၂၄)ကို ရှင်းလင်းဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၂၄) နှင့် ပတ်သက်၍လည်းကောင်း၊ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း အကြံပြုဆွေးနွေးကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်