Skip to main content

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာကြား ရထားလမ်းပေါ်၌ ပလတ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်သိမ်းဆည်း

နေပြည်တော် ဇွန် ၄

ယနေ့မွန်းလွဲ ၁၂ နာရီခွဲချိန်တွင် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်နှင့် ဒုံဝန်းကြား မိုင်တိုင်အမှတ်(၁၂၂/၁၄)၌ ရထားလမ်းပေါ်၌ ပလတ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းအား တာဝန်ကျဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ထံ သတင်းပို့ခဲ့သည်။

မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက မွန်းလွဲ ၂ နာရီ ၅ မီးနစ်တွင် ရောက်ရှိလာပြီး အဆိုပါမိုင်းအားရှင်းလင်းခဲ့ရာ သိမ်ဆိပ်-ဒုံဝန်းလမ်းပိုင်းအား ညနေ ၄ နာရီ ၁၀ မိနစ်တွင် အဆိုပါလမ်းပိုင်းအား ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ အမှတ်(၈၁)အဆန် လူစီးအမြန်ရထားသည် နှင်းပုလဲဘူတာသို့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ရောက်ရှိရပ်တန့်ခဲ့ရကြောင်း မိုင်းရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးနောက် ယနေ့ ညနေ ၄ နာရီခွဲမှ ပြန်လည်ထွက်ခွာနိုင်ခဲ့သဖြင့် အဆိုပါရထားသည် ၃နာရီ ၂၀ မိနစ်ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရသည်။

ထို့အတူ အမှတ်(၆၈၅) ကျောက်ရထားသည် သိမ်ဆိပ်သို့ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ အမှတ်(၆၈၇) ကျောက်ရထားသည် ဒုံဝန်းသို့ ၁၂ နာရီခွဲတွင်လည်းကောင်း၊ အမှတ်(၂၇၁) ကုန်ရထားသည် ကျိုက်ထိုဘူတာသို့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ အသီးသီးရပ်တန့် စောင့်ဆိုင်ခြင်း ပြုလုပ်ခဲ့ကြရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၂၀၆)ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း(၁၆၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့်တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှုမရှိစေရေးနှင့် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း နှောင့်နှေးကြန့်ကြာစေရန်အတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိသည်။