နေပြည်တော် ဇွန် ၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဇွန်လ ၃ ရက်မှစ၍ စတင်ဖွင့်လှစ်ခဲ့သည်။ ထိုသို့ကျောင်းများဖွင့်လှစ်ပြီး စာသင်ကျောင်းများတွင် သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများကို သင်ရိုးညွှန်းတန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG မှ မူလတန်းအထိ ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်း ကြို/ပို့ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများသန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးထားသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား/ ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ် လက်ခံပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၆၆၇၂၃၂၉ ဦး ကျောင်းအပ်နှံထားရှိပြီး ၆၄၁၄၇၉၉ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သသင်းရရှိသည်။