Skip to main content

မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇွန် ၄

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံ‌ရေးဆောင်ရွက်လျက်ရှိသည့် လမ်းကြောင်းတစ်လျောက်မှ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူ ၁၀ ဦးကျော် သတ်ဖြတ်ခံရကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်းဖက်သမားများက မေလ ၂၉ ရက်နှင့် ၃၁ ရက်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့တိုက်ပွဲများဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများထံမှ အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၂ လက်နှင့် ဖောက်ခွဲရေးပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည်မှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် မြေပြင်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်လွဲမှားစွာ လုပ်ကြံရေးသားပြီး အရှက်တရားမဲ့စွာ လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။