မန္တလေး ဇွန် ၃
၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများကို တာဝန်ကျ ဆရာ ဆရာမများက ကျောင်းဝင်ပေါက်၌ အတန်းစဉ်အလိုက် စည်းကမ်းတကျသွားရောက်နိုင်ရေး စီမံပေးကြပြီး စနစ်တကျ စာသင်ကြား/ သင်ယူမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးကြသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေလွင်က “တိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာ ကျောင်းအပ်လက်ခံထားမှုအနေနဲ့ အခြေခံပညာကျောင်းမှာ ကျောင်းသား ၇၆၄၈၈၀ ၊ ကိုယ်ပိုင်ကျောင်းမှာ ၇၃၈၆၂ ဦးနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ၈၅၃၁၇ ဦး စုစုပေါင်း ၉၂၄၀၅၉ ဦး ရှိပါပြီ။ ကျောင်းအပ်လက်ခံမှု ရက်သတ္တပတ် ပြီးဆုံးသွားပေမယ့် ကျောင်းအပ်နှံမယ့် ကျောင်းသား ကျောင်းသူတွေရှိနေမယ်ဆိုရင် ဆက်လက်လက်ခံပေးသွားမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ရှေ့ရေးကိုတွေးပြီး မိဘတွေအနေနဲ့ ကျောင်းကိုရောက်အောင် ပို့ဆောင်ပေးဖို့လိုအပ်ပါတယ်။ ကလေးတွေကျောင်းမှာ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ဖို့အတွက် ကျောင်းမဖွင့်ခင်ကတည်းက ဆောင်ရွက်ထားပါတယ်။ စာသင်ခန်း၊ စာသင်ခုံတွေပြင်ဆင်ထားတဲ့အပြင် ကျောင်းဥပဓိရုပ် ကောင်းမွန်ဖို့အတွက်လည်း စီမံဆောင်ရွက်ထားပါတယ်။ ကလေးမိဘတွေအနေနဲ့ မိမိတို့သားသမီးပညာရေးကို အလေးထားပြီး ကျောင်းအပ်နှံကြဖို့ပြောကြားလိုပါတယ်” ဟု ပြောသည်။
မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ ဆောင်ရွက်ခဲ့သည့် ကျောင်းအပ်နှံရေးရက်သတ္တပတ်၌ ကျောင်းအပ်လက်ခံခဲ့ရာတွင်လည်း မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမပြုဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ ဒီနှစ်မှာ ကျွန်တော်တို့ ကျောင်းအနေနဲ့လည်း ကျောင်းသား ကျောင်းသူ ၃၀၀၀ ကျော် လက်ခံပြီးဖြစ်ပါတယ်။ ဇွန်လတစ်လလုံးလည်း ကျောင်းအပ်လက်ခံသွားမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ကြတဲ့ ကလေးတွေဆိုရင်လည်း ဒီနှစ်မှာ ကျောင်းပြန်တက်ကြတဲ့အတွက် ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေးဆိုတာ သတ်မှတ်တဲ့အသက်နဲ့ ကိုက်ညီတဲ့အတန်းမှာ တက်ရောက်ပညာသင်ကြားနေဖို့လိုပါတယ်။ ဒီလိုမျိုး မိဘပြည်သူတွေအနေနဲ့ ကျွန်တော်တို့ စာသင်ကျောင်းတွေမှာ အင်တိုက်အားတိုက် ပညာရေးကို အားပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။
ကျောင်းသားမိဘ တစ်ဦးကလည်း “ကျွန်မကလေးကတော့ ဒီနှစ် Grade-11 မှာ ပညာသင်ကြားရမှာ ဖြစ်ပါတယ်။ ကလေးအတွက် ကျောင်းမှာအဆင်ပြေစွာ ပညာသင်ကြားနိုင်ဖို့ သေချာဆောင်ရွက်ပေးသလို ကျောင်းအနေနဲ့လည်း ကျောင်းသုံးဖတ်စာအုပ်တွေ စာရေးကိရိယာတွေကို အခမဲ့ပေးတဲ့အတွက် အဆင်ပြေပါတယ်။ ဒီလိုအခမဲ့ပညာရေးစနစ်ကို သဘောကျပါတယ်။ ဒါကြောင့် တခြားမိဘတွေအနေနဲ့လည်း မိမိတို့ကလေးတွေကို ကျောင်းအပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရန် အတွက်လည်း မန္တလေးမြို့ရှိ အဓိကလမ်းမကြီးများနှင့် နီးစပ်သည့်ကျောင်းများ၌ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သက်ဆိုင်ရာ မြို့နယ်များအလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကျောင်းတွင်း၊ ကျောင်းပြင်လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၃၉၅၀ ၊ ကိုယ်ပိုင်ကျောင်းပေါင်း ၂၃၇ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၀၆ ကျောင်းဖွင့်လှစ် ထားကြောင်း သိရသည်။
မောင်အေးချမ်း