နေပြည်တော် ဇွန် ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာသို့ရောက်ရှိပြီး ရှားတောစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းနှင့် စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းတို့မှ အသင်းအမှုဆောင်များ၊ အသင်းသား ဝါစိုက်တောင်သူများနှင့်တွေ့ဆုံသည်။
ရှင်းလင်းတင်ပြ
တွေ့ဆုံစဉ် သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက တပ်ကုန်းမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် ဝါစိုက်ပျိုးနေမှုအခြေအနေကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမ အသင်းသားတောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ်တွင် ဝါစိုက်ပျိုးရေး သမဝါယမအသင်းများက မိုးဝါ ၁၂၁၉ ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ RAKA-666 ဝါမျိုးစေ့ များ၊ ကွန်ပေါင်းနှင့် ယူရီးယားဓာတ်မြေဩဇာများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဝါစိုက်ဧကများအတွက်လည်း အလားတူ ဝါမျိုးစေ့နှင့် ဓာတ်မြေဩဇာများ အချိန်မီရရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးရန်နှင့် အဆင့်မီဝါများရရှိရေး၊ ချည်မျှင်နှင့် အထည်များရက်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူးက ဝါစိုက်ပျိုးရေးလုပ်ငန်းများတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က အသင်းသားတောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရှားတောကျေးရွာခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်း သင်တန်းတက်ရောက်မည့် သင်တန်းသူများနှင့်တွေ့ဆုံပြီး သင်ယူတတ်မြောက်မည့် အခြေခံနှင့် မွမ်းမံစက်ချုပ်ပညာရပ်များကို မိသားစုဝင်ငွေတိုးရေးလုပ်ငန်းအပြင် ရိုးရာမပျက် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများ တီထွင်ဖန်တီးထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရှားတောစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်မင်းစိန်၏ လယ်မြေတစ်ဧကတွင် RAKA-666 ဝါမျိုး ရှစ်ရက်သား စိုက်ပျိုးထားမှုကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာအဆင့်ဆင့် ဆင်းရဲမှုလျှော့ချရေးစံပြစီမံကိန်းဖြင့် ဆောင်ရွက်နေသည့် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာရှိ ရက်ကန်းအလုပ်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ကျေးရွာအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဝါစိုက်ပျိုးရေးလုပ်ငန်းကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိရာ ဒေသမှထွက်ရှိသော အဆင့်မီချည်များဖြင့် ရက်ကန်းရက်လုပ်ခြင်းလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်