Skip to main content

ကလေးတွေကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ သင်ကြားသင်ယူမှုလုပ်ငန်းစဉ်တွေကို ကျောင်းမဖွင့်ခင်ကတည်းက စီစဉ်ဆောင်ရွက်ထားရှိ (ဒေါက်တာစန္ဒာမြငြိမ်း)

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိသတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ကြပြီး ယနေ့ဇွန် ၃ ရက်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများအား မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်-

ဒေါက်တာစန္ဒာမြငြိမ်း အထက(၁) ဒဂုံ ကျောင်းအုပ်ဆရာမကြီး

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာဆိုရင် ဇွန်လ ၃ ရက် တနင်္လာနေ့မှာ ကျောင်းစတင်ဖွင့်လှစ်ပြီဖြစ်ပါတယ်။ အထက(၁)ဒဂုံက နှစ်ချိန်ကျောင်းဖြစ်ပါတယ်။ နံနက်ပိုင်း ၇ နာရီကနေ ၁၂ နာရီအထိက Grade 8 ကနေ Grade 12 တက်ရပါတယ်။ နေ့လယ်ပိုင်း ၁၂ နာရီကနေ ညနေ ၅ နာရီအထိက KG ကနေ Grade 7 အထိတက်ရပါတယ်။ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ မူ၊ လယ်၊ ထက် ၃၁၀၀ ရှိပါတယ်။ ဆရာ ဆရာမက ၁၀၁ ဦးနဲ့ သင်ရိုးသစ်တွေနဲ့အညီ ကလေးတွေကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် သင်ကြားသင်ယူမှု လုပ်ငန်းစဉ်တွေအောင်မြင်အောင် ကျောင်းမဖွင့်ခင်ကတည်းက စီစဉ်ဆောင်ရွက်ပြီး ကျောင်းစဖွင့်တဲ့နေ့မှာ သင်ချိန်အပြည့်သင်နိုင်အောင် စီမံဆောင်ရွက်ထားပါတယ်။ အထက(၁) ဒဂုံအနေနဲ့ မြို့နယ်ပညာရေးမှူး၊ မိတ်ဖက်ဌာနများ၊ ကျောင်းမိဘဆရာ အကျိုးတော်ဆောင်များ၊ ရပ်ရွာပြည်သူလူထု တွေနဲ့ပူးပေါင်းပြီး သင်ယူမှုပတ်ဝန်းကျင်ကောင်း၊ လုံခြုံဘေးကင်းသော ကျောင်း၊ ကလေးပျော်ကျောင်း၊ ဆရာပျော်ကျောင်းဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကာ ကလေးတွေကို ပြုစုပျိုးထောင်လျက်ရှိပါတယ်။ သင်ချိန်အနေနဲ့ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ သင်ချိန်အတိုင်း ဘာသာရပ်တွေကိုခွဲဝေပြီး သင်ကြားသင်ယူမှု လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် ဝါသနာအသင်းအဖွဲ့တွေကို ဆရာ ဆရာမတွေနဲ့ဖွဲ့စည်းပြီး ကျောင်းသား ကျောင်းသူတွေရဲ့ ဗီဇဝါသနာပါတာတွေကို အခြေခံပညာအဆင့်မှာတင်ပဲ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

ဒေါ်နုနုအေး အထက(၁)ဒဂုံ ကျောင်းအနုပညာတာဝန်ခံ

အနုပညာတာဝန်မှာ ကျွန်မတို့ကျောင်းက ဘက်စုံဖွံ့ဖြိုးရေးမှာပါတဲ့အတွက် သံစုံတီးဝိုင်း၊ ဘင်ခရာ၊ ဆို၊ က၊ ရေး၊ တီးတွေကို လေ့ကျင့်ပေးရပါတယ်။ ဒီနှစ်မှာ ကဗျာလွတ်အကကို သင်ကြားပေးပါမယ်။ ပြိုင်ပွဲလည်း ဝင်ပါမယ်။ ငယ်ရွယ်စဉ်အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူတွေကစပြီး ဗီဇဝါသနာအထုံရှိတာတွေကို လေ့ကျင့်ပျိုးထောင်ပေးပါတယ်။ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ်ဆုတွေနဲ့တိုင်းဒေသကြီးအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုတွေရရှိခဲ့ပါတယ်။ ပန်းချီထူးချွန် ကျောင်းသား ကျောင်းသူတွေလည်း အတန်းစုံမှာရှိပြီး ပါဝင်ဆောင်ရွက်လျက်ရှိကြပါတယ်။

ဦးအောင်မျိုးကျော် အထက(၁)ဒဂုံ အားကစားတာဝန်ခံဆရာ

အားကစားတာဝန်ခံဖြစ်တဲ့အတွက် KG ကနေ Grade 12 အထိ အားကစားနဲ့ပတ်သက်တဲ့ပြိုင်ပွဲဝင်ဖို့အတွက် အကုန်တာဝန်ယူရပါတယ်။ အဓိကက ဒီနှစ်မှာ ကျောင်းသား အားကစားပွဲတော်အတွက် အားကစားနည်း ငါးမျိုးသင်ကြားပေးဖို့သိထားပါတယ်။ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘောပြိုင်ပွဲတွေပါဝင်မယ်။ ကလေးတွေကို အခုကတည်းက ရွေးချယ်သင်ကြားပေးဖို့စီစဉ်ထားပါတယ်။ နေပြည်တော် ကျောင်းသား အားကစားပွဲတော် အထိရောက်အောင် လေ့ကျင့်သင်ကြားပေးပါမယ်။ ကာယအချိန်တွေမှာ အတန်းလိုက်ပြဋ္ဌာန်းထားတဲ့ အားကစားနည်းတွေကို ကာယသင်ခန်းစာတွေနဲ့ သင်ရိုးမာတိကာတွေနဲ့ ကလေးတွေကို သင်ကြားပါမယ်။ မူလတန်းအဆင့်ဆိုရင် ကိုယ်လက်ကြံ့ခိုင်ရေးကာယအတွဲ(၁)(၂)၊ အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့်ဆိုရင် ကာယအမှတ်စဉ်အတွဲ(၃)(၄) သင်ကြားပါမယ်။ နွေရာသီအားကစားသင်တန်းရှိတယ်။ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘတ်စကက်ဘော၊ ဘောလုံး၊ အေရိုးဗစ်သင်တန်းတွေ ကျောင်းရဲ့ကာယချိန်တွေမှာ ဝါသနာပါရာအသင်းအဖွဲ့တွေဖွဲ့စည်း လှုပ်ရှားဆောင်ရွက်လေ့ကျင့်ပေးပါတယ်။ ပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေရရှိပါတယ်။

ဒေါ်နှင်းဝတ်ရည် စာကြည့်တိုက်မှူးဆရာမ

ကျွန်မတို့ကျောင်းမှာ စာပေကဏ္ဍအတွက် မိုဘိုင်းစာကြည့်တိုက်တွေရှိသလို e-library စာကြည့်တိုက်တွေလည်းရှိတယ်။ ဒီအတွက်ကြောင့် အတန်းတစ်တန်းကို တစ်ပတ်ကို စာသင်ချိန်တစ်ချိန်စီ စာကြည့်တိုက်ကို မဖြစ်မနေဆင်းရမယ်ဆိုပြီး ရေးဆွဲထားတယ်။ စာကြည့်တိုက်နဲ့ပတ်သက်ပြီး ကလေးတွေဗဟုသုတရစေမယ့်စာတွေ၊ ပြင်ပစာပေတွေ၊ ကျောင်းတွင်းသင်ရိုးနဲ့ ဆက်စပ်စာပေတွေပါတဲ့စာ အုပ်စာတမ်းတွေ အများကြီးပံ့ပိုးပေးထားပါတယ်။ စာအုပ်တွေနဲ့ပတ်သက်ပြီး စာပေကဏ္ဍနှစ်ခုရှိတဲ့အတွက် သုတ၊ ရသစာပေ နှစ်မျိုးလုံးထားရှိပါတယ်။ သီးသန့်စာဖတ်နေရာလေးတွေကို စာကြည့်တိုက်ထဲမှာ ထည့်ပေးထားပါတယ်။

ဒေါ်နီလာဝင်းမောင် ကျောင်းကျန်းမာရေးတာဝန်ခံ

ကျွန်မက ကျောင်းကျန်းမာရေးတာဝန်ခံဆိုတော့ ကျောင်းမှာရှိတဲ့ မုန့်ဈေးတန်းရောင်းတာတွေ၊ ကျောင်းသန့်ရှင်းရေးတွေ၊ အမှိုက်ကို စနစ်တကျစွန့်ပစ်တာတွေရယ်၊ ကလေးတွေကို ကိုဗစ်ကာကွယ်ဖို့ လက်ဆေးတာကအစ အကုန်လုံးတာဝန်ယူရပါတယ်။ ကျောင်းမုန့်ဈေးတန်းမှာဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေဖြစ်ဖို့အတွက် ဈေးရောင်းချတဲ့သူတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဆေးစစ်တာတို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကိုပါ အကုန်လုံးစိစစ်ပေးရပါတယ်။ ကလေးတွေမုန့်ဈေးတန်းမှာစားရင် အာဟာရမျှတအောင် တန်ဖိုးလည်းနည်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေဖြစ်ဖို့ အဓိကထားတယ်။အဓိကက တစ်ကျောင်းလုံးသန့်ရှင်းရေးအတွက်ကလည်း အဓိကဖြစ်ပါတယ်။ ကလေးတွေ သွေးလွန်တုပ်ကွေးမဖြစ်အောင်လည်း ဂရုစိုက်ပေးရပါတယ်။

ဒေါ်အိအိဖြိုး ဗုဒ္ဓဘာသာအသင်းတာဝန်ခံ

မူလတန်းအဆင့်ကလေးတွေကို ၃၈ ဖြာ မင်္ဂလာကဗျာတွေသင်ပေးပါတယ်။ ပြိုင်ပွဲလည်းရှိပါတယ်။ မင်္ဂလာတရားနဲ့အညီ ကျင့်ကြံနေထိုင်နိုင်အောင်လည်း ဆရာမတွေကကလေးတွေကို သွန်သင်ဆုံးမပါတယ်။ အလယ်တန်းနဲ့ အထက်တန်းအဆင့်မှာဆိုရင် ပညာရေးဌာနကကျင်းပတဲ့ ဓမ္မစကြာနဲ့ပဋ္ဌာန်းပြိုင်ပွဲတွေရှိပါတယ်။ အဲဒီအတွက်ကလေးတွေကို လေ့ကျင့်သင်ကြားပေးပါတယ်။ အဲဒီကနေ ထူးချွန်ထက်မြက်ပြီး ယဉ်ကျေးလိမ္မာတဲ့ နိုင်ငံ့သားကောင်းတွေဖြစ်အောင်အထိ ရည်ရွယ်ပြီးလေ့ကျင့်သင်ကြားပေးပါတယ်။ ဝါဆို၊ ကထိန်ဆိုရင် အလယ်တန်း၊ အထက်တန်းအဆင့်ကလေးတွေနဲ့အတူတူ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကုသိုလ်ယူကြတယ်။ အများနဲ့စုပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်တွေလည်းရှိလာတယ်။ ဘာသာတရားအဆုံးအမတွေနဲ့ ရင်းနှီးပြီး ငယ်စဉ်ကတည်းက ဘာသာတရားနဲ့ ဆရာတော်၊ သံဃာတော်တွေကို ယုံကြည်လေးစားမှုရှိအောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

ဒေါ်အေးမြသီတာ ဘာသာရပ်တာဝန်ခံ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ အင်္ဂလိပ်စာဘာသာရပ်အနေနဲ့ KG + Grade 12 အတန်းတိုင်းမှာ အင်္ဂလိပ်စာဘာသာရပ်ကိုသင်ကြားရမှာဖြစ်ပါတယ်။ အဲဒီထဲကမှ အထူးအားဖြင့် Grade 5 နဲ့ Grade 9 မှာလည်း အင်္ဂလိပ်စာ 4 skills အနေနဲ့ စာမေးပွဲမေးခွန်းတွေမှာ တိုင်းစစ်၊ ခရိုင်စစ်က ထည့်သွင်းစစ်ဆေးတဲ့အတွက်ကြောင့် ဒါတွေကို ဒီနှစ်အလေးထား ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအတိုင်းပဲ Grade 5 နဲ့ Grade 9 အပြင် တခြားသော အတန်းတွေမှာလည်း အင်္ဂလိပ်စာ 4 skills ကိုထည့်သွင်းသင်ကြားဖို့ ပြဋ္ဌာန်းစာအုပ်မှာပါတဲ့အတွက်ကြောင့် အစီအစဉ်အသစ်တွေနဲ့ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ Project, Presentation တွေကို အတန်းလိုက်၊ အဖွဲ့လိုက်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ဒေါ်ကေသီအောင် ကွန်ပျူတာတာဝန်ခံ

ကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာတွေကို ကျောင်းစာတွေနဲ့အပြင် သင်ထောက်ကူအဖြစ် တွဲဖက်သင်ကြားပေးပြီး National ICT Award ပြိုင်ပွဲတွေ၊ နိုင်ငံတကာ Website ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ဒီကျောင်းကနှစ်တိုင်းလိုလို ဆုတွေရရှိခဲ့ပါတယ်။ နွေရာသီဆိုရင် ကွန်ပျူတာသင်တန်းတွေဖွင့်တယ်။ ဒီနှစ်မှာ ထူးထူးခြားခြား Pagodas Digital Directory Website သင်တန်းကို ဒီကျောင်းမှာလာပို့ချတဲ့အခါ ကျောင်းသား ကျောင်းသူ ၁၅ ဦး တက်ရောက်ခဲ့ပါတယ်။ National ICT Award ပြိုင်ပွဲဆိုရင် မူ၊ လယ်၊ ထက်ခွဲထားတယ်။ မူလတန်းဆိုရင်ကွန်ပျူတာ Skill ကိုတတ်အောင်သင်ပြီး အလယ်တန်းအဆင့်မှာဆိုရင် Project ပြိုင်ပွဲတွေ၊ အထက်တန်းဆိုရင် သင်ရိုးနဲ့ပတ်သက်တဲ့ Project ပြိုင်ပွဲတွေကို သင်ကြားပေးရပါတယ်။ ဒါ့အပြင် သူတို့လေးတွေအတွက် နည်းပညာနဲ့ရင်းနှီးမှုရှိစေဖို့ အပတ်စဉ်တိုင်းကျောင်းမှာ Application Software ဖြစ်တဲ့ Microsoft Word တို့၊ Excel တို့၊ Power Point တို့စသဖြင့် အင်တာနက်ကအစ Download လုပ်ပြီးကြည့်ရှုနိုင်အောင် ကွန်ပျူတာခန်းမှာ သင်ကြားပေးပါတယ်။