နေပြည်တော် ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်နေပြီဖြစ်သည်။
နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ယနေ့အထိ ကျောင်းသား ကျောင်းသူစုစုပေါင်း ၆၅၃၆၇၁၃ ဦး အပ်နှံပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။ စာသင်ကျောင်းများတွင် သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကို သင်ရိုးညွှန်းတမ်း စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်လျက်ရှိသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများနေရာချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန် စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားသည်။
ထို့ပြင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ယခုလို အခြေခံပညာကျောင်းများ ဖွင့်လှစ်ကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့်ပတ်သက်၍ တာဝန်ရှိ သူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ၏ စကားသံများကိုလည်း ခုလိုပဲကြားသိရပါသည်-
ဆရာကြီး ဦးဝင်းမြင့်ဦး ကျောင်းအုပ်ကြီး၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း
ဒီ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းသားတွေအတွက် ဆိုပြီးတော့ နိုင်ငံတော်ကနေ အခမဲ့ပညာရေးအပြင် ဝတ်စုံတွေပေးတယ်၊ ဗလာစာအုပ်တွေပေးတယ်၊ ခဲတံတွေ၊ ဘောပင်တွေ နိုင်ငံတော်က ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ ကျောင်းမအပ်ရသေးတဲ့ မိဘတွေကလည်း ကျောင်းသားတွေကို အမြန်လာအပ်ဖို့ ပြောချင်ပါတယ်။ ကျောင်း အပ်နှံရေးကို ၂၃-၅-၂၀၂၄ ကနေပြီး ၂-၆-၂၀၂၄ အထိ ကျောင်းအပ်လက်ခံတယ်ဆိုပေမယ့်လည်း ဒီဇွန်လအတွင်းလာအပ်ရင် အကုန်လက်ခံပေးပါတယ်။ ကျောင်းမအပ်ရသေးတဲ့ မိဘတွေကို ကျောင်းလာအပ်လို့ရပါတယ်လို့ ဖိတ်ခေါ်ပါတယ်။
ကျောင်းသားမိဘ
နိုင်ငံတော်က ခုလို ကျောင်းတွေဖွင့်ပေးတဲ့အခါကျ သူ့အရွယ်နဲ့ သူ့အတန်းနဲ့ ပညာသင်ကြားရတဲ့အတွက်ကြောင့်မလို့ ကျေးဇူးလည်းတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ကျောင်းမအပ်နှံရသေးတဲ့ ကလေးကျောင်းအပ်လိုက်မယ်ဆိုရင် အခုလို ပညာသင်ကြားရမယ့်အရွယ် ကလေးမှာပညာသင်ကြားခွင့် ရသွားတဲ့အတွက်ကြောင့် ကလေးအတွက်လည်း တိုးတက်မှုအများကြီးရှိတဲ့အတွက်ကြောင့် ကျောင်းမအပ်ရသေးရင်လည်း ကျောင်းအပ်ပေးကြပါလို့၊ အခုအချိန်အထိလည်း အားလုံးကို ကျောင်းအပ်လက်ခံနေပါသေးတယ်လို့ ပြောကြားလိုပါတယ်။ ဖိတ်ခေါ်လိုပါတယ်။
ကျောင်းသား
အခုလို ကျောင်းပြန်ဖွင့်ပြီးတော့ အေးအေးချမ်းချမ်းပြန်ပြီးတော့ ပညာသင်ကြားရတဲ့အခါကျတော့ ကျွန်တော်တို့ ကျောင်းသားတွေ၊ သူငယ်ချင်းတွေ အချင်းချင်းပြန်တွေ့ရပြီးတော့ ပိုပြီးတော့ လုံ့လဝီရိယရှိရှိနဲ့ သင်ယူနိုင်တယ်ပေါ့ဗျာ။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့အရာတွေ အကုန်လုံးကို ကျောင်းကနေပြီးတော့ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်တာရှိပါတယ် ခင်ဗျာ။ ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။
ကျောင်းသူ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနားခရိုင် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှာ ပညာသင်ယူနေတဲ့ နှစ်ထပ်ကွမ်း လူရည်ချွှန်ဖြစ်ပါတယ်ရှင်။ အခုပညာသင်ယူရတဲ့အခါမှာ နိုင်ငံတော်ကနေပြီးတော့ စာအုပ်တွေ၊ ခဲတံ၊ ခဲဖျက်လိုလေ သေးမရှိအောင် အစစအရာရာ ထောက်ပံ့ပေးပါတယ်။ အဲဒီတော့သမီးတို့ ခုပညာ သင်ကြားရတဲ့ ကျောင်းသား ကျောင်းသူတွေ ပိုပြီးတော့ အဆင်ပြေချောမွေ့တာပေါ့။ ဒီလိုမျိုး သမီးတို့ကို အစိုးရကျောင်းတွေမှာ ပညာအေးအေးဆေးဆေးသင်ယူနိုင်အောင် အစစအရာရာ စောင့်ရှောက်ပေးတဲ့ နိုင်ငံတော် အကြီးအကဲများနဲ့ တကွ တာဝန်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောလိုပါတယ်ရှင်။
သတင်းစဉ်