Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) ဖွင့်လှစ်

နေပြည်တော် ဇွန် ၃

အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရှိ ပညာဌာနရှစ်ခုမှ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများက ခေတ်စနစ်နှင့်လျော်ညီပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးဝင်သည့် သက်ဆိုင်ရာဘာသာရပ်များကို ပို့ချမည်ဖြစ်ပြီး ပြင်ပကျွမ်းကျင်ပညာရှင်များကလည်း ပညာရပ်ပိုင်းဆိုင်ရာဘာသာရပ်များကို လာရောက်ဆွေးနွေးမည် ဖြစ်သည့်အတွက် မိမိတို့၏ အရည်အသွေးမြင့်မားလာစေရေး အပြန်အလှန်ဆွေးနွေးကြစေလိုကြောင်း၊ ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးပမ်းသွားကြရန်နှင့် ဝန်ထမ်းသက်တမ်းတစ်လျှောက် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားပြီး အဂတိတရားကင်းရှင်းကာ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်သော  ဝန်ထမ်းများဖြစ်အောင် ပြုမူနေထိုင်သွား ကြရန် ပြောကြားသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၇ ဦး၊ သင်တန်းသူ ၉၂ ဦး စုစုပေါင်း ၁၁၉ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်သည် အရာထမ်းအခြေခံ သင်တန်းအမှတ်စဉ်(၆၈)၊ အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၅)နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၀၈)တို့၏ စစ်ရေးပြသင်ခန်းစာနှင့် လက်နက်ငယ် သင်ခန်းစာသင်ယူနေမှု၊ ရိက္ခာသိုလှောင်ထားမှုနှင့် သင်တန်းသား သင်တန်းသူများ၏ စားသောက်ရေးအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်