နေပြည်တော် ဇွန် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာမှ မွေးမြူရေးတောင်သူ၏ အသားတိုးဝက် မွေးမြူရေးခြံ၌ CP - အသားတိုးဝက်ကောင်ရေ ၁၂၀၀ မွေးမြူထားရှိမှုနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် မိတ္ထီလာ၊ မန္တလေးမြို့တို့သို့ ဖြန့်ဖြူးပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ကံသာကျေးရွာ၌ Join Global Myanmar Co.,Ltd ၏ Ross-308 အသားစားမျိုးကြက်ကောင်ရေ ၁၄၀၀၀ မွေးမြူထားရှိမှုနှင့် အသားစားကြက်မျိုးဥများ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အလေးထားဆောင်ရွက်ရန်လိုအပ်ချက်များ၊ မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှုဖူလုံပိုလျှံရေးနှင့် ပြည်ပတင်ပို့မှုတိုးမြှင့်နိုင်ရေးဆိုင်ရာများ၊ မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါများ သတိပြုကာကွယ်ရန် လိုအပ်ချက်များ၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)၌ တည်ဆောက်လျက်ရှိသည့် တိရစ္ဆာန်များအား ကူးစက်ရောဂါများ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သီးသန့်ထားရှိရန် ISOLATION CENTER ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန၊ ရေဆင်းငါးစခန်း၏ ငါးမျိုးသားဖောက်ခြင်း၊ ဒေသတွင်း ငါးမျိုးများဖြန့်ဖြူးခြင်း၊ ငါးမွေးတောင်သူများကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်(GAqP) သင်တန်းပေးခြင်းလုပ်ငန်းများ၊ စားဖားသားဖောက်မွေးမြူထားရှိမှုနှင့် ရွှေဝါငါးကြင်း ဆေးထိုးသားဖောက် မွေးမြူထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငါးသားပေါက်များ လျာထားချက်ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး၊ ကြီးထွားနှုန်းပိုမိုကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်မြင့်မားသည့် ငါးမျိုးများ ရွေးချယ်ထုတ်လုပ်ပေးနိုင်ရေး မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် နှစ်ရှည်လများ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသက်(၆ဝ)နှင့်အထက် အဘိုးအဘွား၊ တပ်မတော်သားများအတွက် ဆန်၊ ဆီနှင့် အလှူငွေကျပ် ၁၀၀၀၀၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်