နေပြည်တော် ဇွန် ၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တေဟုန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲအစိုးရအဖွဲ့မှ ဖိတ်ကြားချက်အရ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှစီစဉ်မှုဖြင့် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မူဆယ်ခရိုင် တာဝန်ခံ ဦးခင်ဦး (ခ) ဦးရှင်ဖူး ဦးဆောင်သောအဖွဲ့ဝင် ၂၂ ဦး သည် မေ ၂၉ ရက်က မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် မန်စီမြို့သို့ ထွက်ခွာခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ မေ ၂၉ ရက်မှ ဇွန် ၂ ရက်အထိ ငါးရက်ကြာခရီးစဉ်အတွင်း ယဉ်ကျေးမှုနှင့်ပညာရေးကဏ္ဍများ တွေ့ဆုံဆွေးနွေးဖလှယ်ခြင်း၊ တေဟုန်ပြည်နယ် အသက်မွေးဝမ်းကျောင်းကောလိပ်တွင် သူနာပြုဘာသာရပ်၊ တိုင်းရင်းဆေးနှင့် အခြားပညာတော်သင်များ ရွေးချယ်စေလွှတ်ရေးကိစ္စတို့ကို အပြန်အလှန်ဆွေးနွေးခြင်း၊ ကုမ္ပဏီစက်ရုံအလုပ်ရုံများ ကြည့်ရှုလေ့လာခြင်း၊ နယ်စပ်ဒေသချင်းနီးစပ်၍ ဗုဒ္ဓဘာသာဝင်အများစုရှိသော ဒေသဖြစ်သဖြင့် အထင်ကရရှိသော မန်စီရွှေစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ အလှူငွေများပေးအပ်ခြင်းစသည့် ပြည်သူချင်း ပိုမိုချစ်ကြည်ရင်းနှီးရေးကိစ္စရပ်များ ဆောင်ရွက်ခဲ့ကြပြီး ယမန်နေ့ ညပိုင်းက ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ စီစဉ်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ HUNAN ပြည်နယ် Huanghe S&T University တွင် မေ ၂၄ ရက် မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့တက္ကသိုလ် အမျိုးသမီးပါမောက္ခချုပ်များ၏ The 11th World Women University Presidents Forum သို့ မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း တက်ရောက်ခဲ့ပြီး အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၆၅ နိုင်ငံမှ ကိုယ်စားလှယ် ၂၇ဝ ကျော် တက်ရောက်ကြကာ ပညာရေးကဏ္ဍပေါင်းစုံအတွက် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်