Skip to main content

ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင် ပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူမှု အခြေအနေများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

နေပြည်တော် ဇွန် ၃

၁။ နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်အဟန့်အတားဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိဈေးကစားခြင်း၊ ထို့အပြင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရှိသည့် Money Changer အချို့သည်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်မျဉ်းသတ်မှတ်ချက်များအား ချိုးဖောက်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

၂။ ထိုသို့ ဆောင်ရွက်ခဲ့ရာ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၁၄ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိပါသည်။

၃။ ၎င်းတို့၏ စစ်ဆေးဖော်ထုတ်ချက်များအရ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှဆောင်ရွက်လျက်ရှိသည့် တရားခံ ၁၁ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရပါသည်။

၄။ ထိုကဲ့သို့ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၁၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၁ ဦးကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းနှင့် လက်ခံထားသူများကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။