ပဲခူး ဇွန် ၂
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် (Pagoda Digital Directory) ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)နှင့် ကွန်ပျူတာ တက္ကသိုလ်(ပြည်) တို့မှ ပါမောက္ခချုပ်များနှင့် ဆရာဆရာမများ၊ ဂေါပကအဖွဲ့ဝင်များ၊ သာသနာ နုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ အထင်ကရဘုရားများသာမက ထူးခြားသည့် ဒေသဆိုင်ရာ စေတီပုထိုးများကို Pagoda Digital Directory အဖြစ် Website တွင် ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကွန်ပျူတာ တက္ကသိုလ် ပြည်၊ မကွေး၊ တောင်ငူ၊ သထုံတို့ပူးပေါင်း၍ Pagoda Digital Directory Web Portal လွှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ ထင်ရှားသောဘုရားပုထိုးများကိုလည်းကောင်း၊ တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားများကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) နှင့် ကွန်ပျူတာတက္ကသိုလ် (ပြည်) တို့မှ ပါမောက္ခချုပ်များနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား၍ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့ ရွှေမော်ဓောစေတီ ရင်ပြင်တော်ပေါ်ရှိ ဂေါပကအဖွဲ့ရုံးခန်းမ၌ကျင်းပသည့် ပဲခူးမြို့ပေါ်ရှိ နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့မဟာ နာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် ဂိုဏ်းပေါင်းစုံ ပဲခူးတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ ပဲခူးမြို့ မြို့မစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာနှင့် ဆရာတော်ကြီးများက ဩဝါဒကထာများ မိန့်ကြားကြသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးက ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံ အလှူတော်အဖြစ် ငွေကျပ်ငါးသိန်းပေးအပ်လှူဒါန်းရာ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးရွှေမော်ဓောဗုဒ္ဓပြတိုက်၊ ၁၄၇၅ ခုနှစ်တွင် ဓမ္မစေတီမင်းကြီး၏ တူးဖော်လှူဒါန်းခဲ့သည့် လိပ်ပြာကန်ကို ပြန်လည်ပြုပြင် တူးဖော်ထိန်းသိမ်း ထားရှိမှု၊ ၁၄၇၆ ခုနှစ်တွင် ဓမ္မစေတီမင်းကြီး တူးဖော်လှူဒါန်း၍ ခေါင်းဆေးမင်္ဂလာပြုခဲ့သည့် ခေါင်းဆေးမင်္ဂလာကန်နှင့် ဓမ္မစေတီမင်းကြီး လှူဒါန်းခဲ့သည့် မဇ္စျိမဒေသ သာသနာဝင်၊ ပုဂံသာသနာဝင်၊ ဟံသာဝတီသာသနာဝင်၊ ကလျာဏီ သိမ်သမုတ်ခြင်းသမိုင်း၊ ရာမညစေတီသမိုင်း၊ ရွှေမော်ဓောစေတီသမိုင်း၊ ဗုဒ္ဓဘာသာနှင့် မွန်စာပေဆိုင်ရာ သမိုင်းဝင်အချက်များပါရှိသည့် ကလျာဏီ ကျောက်စာချပ်များနှင့် ဓမ္မစေတီမင်းကြီးက ခရစ်နှစ် ၁၄၇၆ ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် အသစ်ပြန်လည်တည်ဆောက်ထားသည့် ကလျာဏီသိမ် ပြုပြင်ထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်