ဇာဖြူဝင်း(မြဝတီ)
ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေး လျက်ရှိသကဲ့သို့ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာ သင်ယူနိုင်စေရေးအတွက် ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားတွင် ကြီးကြပ်မှု ကော်မတီနာယက ဦးမြင့်ဦး (မြို့နယ်ပညာရေးမှူး-ငြိမ်း)၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးအုန်းမြင့်၊ အ.ထ.က (၁) အထက်တန်းပြ ဆရာမဒေါ်ခင်ထွေးရီ၊ မိဘ/ ကျောင်းအကျိုးတော်ဆောင် ဦးမျိုးအောင်နှင့် အ.ထ.က(၁) ကျောင်းသူ မဆောင်းနှင်းရွှေစင်တို့၏ ရင်တွင်းစကား သံများ တင်ပြလိုက်ပါသည်။
ဦးမြင့်ဦး ကြီးကြပ်မှုကော်မတီ နာယက
(မြို့နယ်ပညာရေးမှူး-ငြိမ်း)
ယနေ့ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မြို့နယ်ဖိတ်ကြားမှုနှင့် တက်ရောက်ပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများ တွေ့ဆုံတဲ့အခါမှာလည်း မြဝတီမြို့နယ်ရဲ့ ပညာရေးကို ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစွမ်းကုန်မြှင့်တင်ရေး လုပ်ငန်းတွေ အများကြီးရလာခဲ့ပါတယ်။ မြဝတီမြို့နယ် အနေနဲ့ အခြေခံပညာကျောင်းပေါင်း ၁၀၅ ကျောင်းရှိပြီး ကိုယ်ပိုင်ကျောင်း ခြောက်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းငါးကျောင်း စုစုပေါင်း အခြေခံပညာသင်ကျောင်းပေါင်း ၁၁၆ ကျောင်းရှိပါတယ်။ ၁၁၆ ကျောင်းအနက်မှ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စုစုပေါင်း ၇၉ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ကျောင်းတွေ ဆက်ပြီးဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်၊ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ဒေသအာဏာပိုင်၊ ခရိုင်နဲ့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းဆောင်ရွက် ညှိနှိုင်းလျက်ရှိပါတယ်။ အခြေခံပညာ ကျောင်းသား ကျောင်းသူဦးရေ ၃၈၀၀၀ ခန့်မှန်းထားတာရှိပါတယ်။ လက်ရှိအနေအထားအရ ကျောင်းအပ်နှံပြီး ကျောင်းသား ကျောင်းသူ ၃၁၀၀၀ ကျော်ရှိပြီး ဖြစ်ပါတယ်၊ မကြာခင်မှာ သတ်မှတ်ဦးရေ ပြည့်မှာဖြစ်ပါတယ်။ အခြေခံပညာ ကျောင်းဘက်ကလည်း ကျောင်းတွေဖွင့်တဲ့ အချိန်မှာကလေးတွေပညာသင်ကြားနိုင်ဖို့ ဆရာ ဆရာမတွေကို ဖြည့်စွက်ပြီးတော့ ပြောင်းရွှေ့ခန့်ထားရေးဆောင်ရွက်လျက်ရှိပါတယ်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင် အခမဲ့ဖြန့်ဝေပေးပါတယ်။ ဒါ့အပြင် ဒေသခံအလှူရှင်များကလည်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လှူဒါန်းမှုများစွာရှိပါတယ်။ ဒီနေ့ဆိုရင် ဒေသခံအလှူရှင်တစ်ဦးက ဗလာစာအုပ် ဒါဇင် ၅၀၀၀ နဲ့ ကွန်ပါဘူး ၅၀၀၀ ကို လှူဒါန်းပေးပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် ပညာသင်ကြားခွင့် အခွင့်အလမ်းများစွာ ရရှိပါတယ်။ ဒေသအခြေအနေအရအားနည်းချက်ရှိသော်လည်း အခြေခံပညာကျောင်းတွေ အစွမ်းကုန် ဖွင့်လှစ်သင်ကြားနိုင်ဖို့ ပညာရေးဝန်ထမ်းများ၊ မိဘ၊ ဆရာ ပူးပေါင်း၍ ကြိုးစားဆောင်ရွက်လျက်ပါတယ်။ မြဝတီမြို့နယ် ပညာရေးဌာန အနေနဲ့ အခြေခံပညာကျောင်းများ အားလုံးဖွင့်လှစ်နိုင်ရေးနဲ့ ကျောင်းသား ကျောင်းသူများအားလုံး အချိန်မီကျောင်းရောက်ရှိနိုင်ရေး စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ မြဝတီမြို့နယ်မှာရှိတဲ့ ဒေသခံအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြဝတီမြို့ ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာ မှာဖြစ်ပါတယ်။
ဦးအုန်းမြင့်
ကျောင်းအုပ်ကြီး၊ အ.ထ.က(၁) မြဝတီ
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်း အပ်နှံရေးနေ့ သီတင်းပတ်ကို မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ KG တန်းမှစ၍ Grade-12 အထိ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးနေပါတယ်။ မေ ၂၉ ရက် အထိ ကျောင်းအပ်လက်ခံပြီး ကျောင်းသား ကျောင်းသူဦးရေ KG တန်းမှစ၍ Grade-12 အထိ ၂၇၀၀ ကျော်လက်ခံပြီး ဖြစ်ပါတယ်။ နောက်ရက်များမှာ ကျောင်းအပ်လက်ခံခြင်း ဆက်လက်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ယခင်နှစ် ကျောင်းအပ်နှံမှုထက် ယခုနှစ်ကျောင်းအပ်နှံ လက်ခံမှုဦးရေပိုများပါတယ်၊ နိုင်ငံတော်မှလည်း KG တန်းမှစ၍ Grade-12 အထိ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးမှုအပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နဲ့ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးပါတယ်။
ကျောင်းသား ကျောင်းသူတွေအတွက် ပညာရေးမျှော်မှန်းချက်နဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ်ခွန်အားအနေနဲ့ဆိုရင် ပညာရေးဖြင့်သာ မိမိရဲ့ဘဝရည်မှန်းချက် ပန်းတိုင်လျှောက်လှမ်းရာမှာ အမှား/အမှန် ခွဲခြားသိမြင်နိုင်မှာဖြစ်ပါတယ်၊ ကျောင်းနေစဉ်အချိန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဘက်စုံဖွံ့ဖြိုးတိုးတက် မှသာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သား ကောင်းများ ဖြစ်လာစေပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် လူတော်၊ လူကောင်းများ ဖြစ်လာမှာ ဖြစ်ပါတယ်၊ ဒါ့ကြောင့် မိဘ၊ ဆရာများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားလိုပါတယ်။
ဒေါ်ခင်ထွေးရီ
အထက်တန်းပြ၊ အ.ထ.က(၁) မြဝတီ
၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ကျောင်း အပ်နှံရေးနေ့ ရက်သတ္တပတ်ပြည့်ပြီ ဖြစ်တဲ့အတွက် ဇွန် ၃ ရက်မှာ အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ဆရာ ဆရာမများရဲ့အခန်း ကဏ္ဍအနေနဲ့ကတော့ “ဆရာနှင့် စာ၊ ရေနှင့် ကြာ” ဆိုသကဲ့သို့ ကလေးများကို ပညာသင်ကြားပေးရမှာ ဖြစ်ပါတယ်၊ ဆရာ ဆရာမများကတော့ ကျောင်းသား ကျောင်းသူတွေ ကျောင်းသို့ရောက်ရှိရေး၊ ရောက်ရှိလာတဲ့ ကျောင်းသား ကျောင်း သူတွေကို ကျောင်းနေပျော်ပြီး စာတော် သောကလေးများဖြစ်လာအောင် အေးချမ်း စွာပညာသင်ကြားနိုင်ရေး၊ ဗလငါးတန် ဖွံ့ဖြိုးပြီး အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ဘက်စုံစွမ်းရည်များထူးချွန်အောင် ကြိုးစားအားထုတ်နိုင်ရေးအတွက် ဆရာ ဆရာမများကလည်း ကြိုးစားသင်ကြား ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် လူရည်ချွန် မောင်၊ မယ်များ ပေါ်ထွက်လာရေး ကိုလည်း မွေးထုတ်ပေးရမှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းထားသော သင်ရိုးမာတိကာအပြင် တွဲဖက်သင်ရိုး မာတိကာဖြစ်တဲ့ သက်မွေး၊ စာရိတ္တ၊ ကာယပညာ၊ ကျောင်းလုပ်ငန်းစတဲ့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင်လည်း စနစ်တကျလမ်းညွှန်သင်ကြားပေးရမှာဖြစ်ပါတယ်။ ကျောင်းကောင်စီလှုပ်ရှားနိုင်မှု၊ အားကစားလှုပ်ရှားနိုင်မှုကိုလည်း အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အခုဆိုရင်(KG+12)စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ ဝိုင်းဝန်းကူညီဆောင်ရွက်မှသာလျှင် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နိုင်ငံသစ်ဆီသို့ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒီဆောင်ပုဒ်တွေနဲ့အညီ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြောကြား ရင်း တိုက်တွန်းအပ်ပါတယ်။
ဦးမျိုးအောင် မိဘ/ကျောင်း
အကျိုးတော်ဆောင်၊ အ.ထ.က(၁) မြဝတီ
ဒီနေ့ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားမှာ ကျောင်းသားမိဘ ကျောင်းအကျိုးတော်ဆောင် တစ်ဦးအနေနဲ့ ကျောင်းတွေပြန်ဖွင့် ကလေးစာပြန်သင် ရတာဝမ်းသာပီတိဖြစ်ရပါတယ်။ မိဘတွေ အနေနဲ့ စီးပွားရေးတစ်ဖက် လုပ်ကိုင်နေရတော့ ကလေးတွေအတွက် ပညာရေးသာ အဓိကပါ။ ကျောင်းအကျိုးတော်ဆောင်အနေနဲ့ ကျောင်းသား ကျောင်းသူများရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကျောင်းလုံခြုံရေး၊ ကျောင်းရဲ့အထွေထွေကိစ္စ၊ သန့်ရှင်းရေး စတဲ့ကျောင်းပြုပြင်ရေးအပိုင်းကအစ ဝိုင်းဝန်းကူညီထိန်းသိမ်း ဆောင်ရွက်ပေးပါတယ်။ မိဘတွေက ကလေးပညာရေး ဒီထက်မက ပညာတတ်စေချင်ပါတယ်၊ ကျောင်းလည်းမပျက်စေချင်ဘူး၊ ကျောင်းပြန်ဖွင့်တဲ့အချိန် ကလေးတွေအတွက် များစွာဝမ်းသာပီတိဖြစ်ပါတယ်။
မဆောင်းနှင်းရွှေစင်
Grade-9၊ အ.ထ.က (၁) မြဝတီ
သမီးအနေနဲ့ ကျောင်းလာရောက် အပ်နှံတဲ့အပေါ်မှာ ပထမအချက်ကတော့ အ.ထ.က(၁)ကျောင်း ဝင်းကြီးထဲ ရောက်တာနဲ့ “မြန်မာ့ကျောင်း” သီချင်းသံ ကြားရတာနဲ့ ကျောင်းသား ကျောင်းသူတိုင်း ကျောင်းတက်ချင်တဲ့ စိတ်ဓာတ်ကို တိုက်တွန်းနှိုးဆော်ပေးတယ်လို့ ကျောင်းသူတစ်ဦးအနေနဲ့ ထင်မြင်မိပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကျောင်းလာရောက်အပ်နှံတဲ့နေ့မှာဆိုရင် သမီး မိဘကဲ့သို့ အခြားကျောင်းသား ကျောင်းသူတွေရဲ့ မိဘအုပ်ထိန်းသူ မျက်နှာအပြုံး ပန်းတွေကို တွေ့ရပါတယ်။ အဲဒီလို မြင်တွေ့ရတော့ သမီး အ.ထ.က (၁)ကျောင်းတော်ကြီးအတွက် ဂုဏ်ယူမိတဲ့ အပြင် ကျောင်းသူတစ်ဦးဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ နောက်တစ်ချက်ကတော့ ကျောင်းလာရောက်အပ်နှံနေ့မှာဆိုရင် အတန်းတိုင်း ဆရာ ဆရာမတွေ ကျောင်းအုပ်ဆရာကြီး ဦးအုန်းမြင့်ရဲ့ ညွှန်ကြားမှုအတိုင်း တာဝန်ကျေပွန်စွာထမ်းဆောင်ဖို့အတွက် စိတ်အားထက်သန်တာ တွေ့ရပါတယ်။ ဆရာ ဆရာမအားလုံးသမီးတို့အပေါ်မှာ မေတ္တာ၊ စေတနာအပြည့်ထားပြီး ကြိုဆို ကျောင်း အပ်လက်ခံပေးတာတွေ့ရပါတယ်။
သမီးအနေနဲ့ အလုပ်ကြိုးစားတဲ့ ဆရာ ဆရာမတွေ အားကျအတုယူပြီး ကျောင်းသူကောင်းတစ်ဦး တာဝန်ကျေပွန်စွာ ဆောင်ရွက်လိုစိတ် ဖြစ်လာပါတယ်။ စံပြကျောင်းသူတစ်ဦးဖြစ်အောင် ကြိုးစားချင်တဲ့စိတ် ထက်သန်လာပါတယ်။ ကျောင်းသူတစ်ဦးရဲ့ အကြီးမားဆုံးပီတိတစ်ခုကတော့ ကျောင်းသား ကျောင်းသူတစ်ဦး တစ်ယောက်ချင်းစီတိုင်းရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တဆိုတဲ့ နယ်ပယ်ရပ်သုံးခုလုံးမှာ အဘက်ဘက်မှ တိုက်တွန်းနှိုးဆော်ပေးတဲ့ ကျောင်းတော်ကြီးမှာ ပညာသင်ကြားခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်ကလည်း သမီးတို့ကျောင်းတက်တဲ့အချိန် စာသင်ကြားရေးမှာ အဆင်ပြေစေဖို့အတွက် ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံစတာတွေ နှစ်စဉ်နှစ်တိုင်း ထောက်ပံ့ပေးပါတယ်။ ထောက်ပံ့ပေးတဲ့အပေါ်မှာ သမီးအနေနဲ့ ကျောင်းသား ကျောင်းသူများရဲ့ကိုယ်စား ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်က ပြိုင်ပွဲကျင်းပပေးပါတယ်၊ ဥပမာအားကစားပြိုင်ပွဲ၊ စာပေပြိုင်ပွဲနဲ့ ဘက်စုံထူးချွန်ပြိုင်ပွဲတွေကို ကျင်းပပေးတာကြောင့် သမီးကတော့ ကျောင်းသား ကျောင်းသူများရဲ့ အရည် အချင်းဖော်ထုတ်ခွင့်ရတဲ့အတွက် များစွာဝမ်းသာပီတိဖြစ်ရပါတယ်။
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေး ကဏ္ဍကိုဘက်ပေါင်းစုံမှ အဆင့်မြှင့်တင် ဖော်ဆောင်ပေးရာတွင် “ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်စေဖို့၊ ပညာသင်ယူနိုင်စေဖို့ အခမဲ့ပညာရေးစနစ်အပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံ အခမဲ့ထောက်ပံ့ပေးခြင်းဖြင့် ပညာရေးကဏ္ဍကို များစွာအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလားတူ ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီ မြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်မှာ အခြေခံပညာကျောင်း ၆၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းငါးကျောင်း၊ ကိုယ်ပိုင်ကျောင်း ခြောက်ကျောင်း စုစုပေါင်း ၇၉ ကျောင်း ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများကို မေ ၂၃ ရက်မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။