Skip to main content

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပညာကျောင်းများမဖွင့်မီ ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မန္တလေး ဇွန် ၂

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် အေးချမ်းပျော်ရွှင်စွာဖြင့် စိတ်ချမ်းမြေ့စွာသင်ယူနိုင်ရေး၊ ကျောင်းအင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ ဥပဓိရုပ်များကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ အမြင်တင့်တယ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်အမီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်တို့သည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန် ၁ ရက်က အောင်မြေသာစံခရိုင်နှင့် မဟာအောင်မြေခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ပေးနေမှုများနှင့် စာသင်ခန်းများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁၇) အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း၊ ဆက်လက်၍ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်းရောက်ရှိပြီး ကျောင်းဝင်းအတွင်း ချုံနွယ်၊ ပေါင်းမြက်များ၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက် မြောင်းစာများ ဆယ်ယူရှင်းလင်းနေမှုများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် စက်ယန္တရားတို့ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် စာသင်ခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် အောင်မြေသာစံမြို့နယ် ဘုန်းတော် တိုးရပ်ကွက်ရှိ အမှတ် (၁၇) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ချင်းတွင်းဆောင် RCC သုံးထပ်စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ချင်းတွင်းဆောင် RCC သုံးထပ်စာသင်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံများ၊ အခြေခံပညာစာသင်ကျောင်းများ၊ တက္ကသိုလ်များ၌ သန့်ရှင်းသာယာလှပရေးတို့အတွက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့်မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်