Skip to main content

နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးထားရှိသည့် နွေနှမ်းနှင့် နွေစပါးစိုက်ခင်းများ ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်ထားရှိ

နေပြည်တော် ဇွန် ၂

နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးထားရှိသည့် နွေနှမ်းနှင့် နွေစပါးစိုက်ခင်းများ ပန်းတိုင်အထွက်ရရှိရေး၊ မုန်တိုင်းမိုးနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်ပျက်စီးမှုလျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ စနစ်ကျလယ်ယာမြေတွင် စိုက်ပျိုးထားရှိသော နွေနှမ်းနှင့် နွေစပါးစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးအား ဒေသခံတောင်သူများက နွေနှမ်းစိုက်ပျိုးမှု အတွေ့အကြုံများနှင့် နှမ်းအပြီး မိုးစပါးစိုက်ပျိုးမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက နှမ်းသီးနှံသည် ယခုဒေသအတွက် သီးနှံအမယ်သစ် စိုက်ပျိုးမှုအတွေ့ အကြုံသစ်ဖြစ်၍ လိုအပ်ချက်များ ရှိနိုင်ကြောင်း၊ မိမိတို့လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်လေ့လာ၍ လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရေးနှင့် နောက်စိုက်ပျိုးရာသီများတွင် ဆောင်ရွက်ရန်လိုအပ်သည့် အချက်များကို ဖော်ထုတ်လေ့လာ မှတ်တမ်းပြုစုပြီး မြေပြင်ထွန်ယက်ခြင်း၊ မျိုးစေ့ချစိုက်ပျိုးခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ရိတ်သိမ်းသိုလှောင်ခြင်း လုပ်ငန်းများအထိ စနစ်တကျ ဆောင်ရွက်နိုင်ရန်၊ တောင်သူအကျိုးရှိစေမည့် သီးနှံအထွက်ရရှိစေရန်၊ ရာသီဥတုအပါအဝင် သီးနှံထိခိုက်ပျက်စီးမှုများမဖြစ်ပေါ်စေရန် စီမံဆောင်ရွက်ပေးရမည့် လုပ်ငန်းလိုအပ်ချက်များ၊ သစ်ဆိမ့်ပင်ကျေးရွာအနီး ရိုးချောင်းရေးစီးရေလာ မကောင်းခြင်းကြောင့် စပါးခင်းရေထွက်ပေါက် ပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းအတွက် မြောင်းတူးလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်