Skip to main content

စစ်တွေမြို့၊ ကံပြင်ရွာသစ်နှင့် ရွာဟောင်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇွန် ၂

စစ်တွေမြို့၊ ကံပြင်ရွာသစ်နှင့် ရွာဟောင်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို နယ်မြေတည် ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ မေလ ၃၀ ရက်နေ့က ဗျိုင်းဖြူကျေးရွာတွင် လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အနီးဝန်းကျင်ကျေးရွာများသို့ သွားရောက်ခြင်း၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း AA သောင်းကျန်းသူများက ဒေသခံများနေထိုင်သည့် မြို့၊ ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက ၎င်းအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။