Skip to main content

နိုင်ငံတော်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန် ဇွန် ၁

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေတွင် တွေ့ကြုံရသည့်တိုင် မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်ပြီး အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ နိုင်ငံတော်မှ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မချစ်စနိုးသည် ဇွန် ၁ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒူဘိုင်းမြို့နှင့် ဘန်ကောက်မြို့တို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ယနေ့ည ၉ နာရီ မိနစ် ၄၀ တွင် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသူ မချစ်စနိုးသည် မြန်မာနိုင်ငံမှ ဒူဘိုင်းမြို့သို့ ရောက်ရှိခဲ့ရာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရုံးမှတစ်ဆင့် ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အဆင်မပြေမှုကြောင့် မြန်မာသံရုံးသို့ ရောက်ရှိခဲ့သည်။ မြန်မာသံရုံးမှ မချစ်စနိုးအား နေရာထိုင်ခင်း၊ အစားအသောက်နှင့် လိုအပ်သော ကူညီမှုများကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ပြန်လည်ထွက်ခွာခွင့် (Exit Permit)ရရှိခဲ့၍ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှု နှင့်စပ်လျဉ်း၍ မချစ်စနိုးက “ကျွန်မက အသက် ၂၁ နှစ်ရှိပါပြီ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ နေပါတယ်။ ရီရတ်ဒ်မှာ အလုပ်လုပ်တာတစ်ရက်မှာ ၄ နာရီ မနားရပါဘူး၊၊ မိသားစုများတဲ့အတွက် တော်တော်ပင်ပန်းတယ်၊၊ အိပ်ချိန်နည်းလာတော့ မူးမော်ပြီးအမြဲတမ်း စိတ်မကြည်ခံစားရတယ်။ အလုပ်မလုပ်နိုင်တော့ အပြင်ကို ထွက်တဲ့အခါ ရဲစခန်းကို ရောက်သွားပြီး သံရုံးကိုအကြောင်းကြားပေးတာကြောင့် သံရုံးက လာခေါ်ပြီး နေစရာ၊ စားစရာတွေစီစဉ် ပေးခဲ့ပါတယ်။ အခုလို အစစအရာရာ ကူညီဖေးမပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ သံအမတ်ကြီးတို့ကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒီနေရာကနေ ကန်တော့ပါတယ်။ ပြောမပြတတ်အောင် အထူးကျေးဇူးတင်ပါတယ်”ဟု ပြန်လည်ပြောကြားသည်။

နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလတွင် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံသူတစ်ဦးအတိ ဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့အား လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ်)