နေပြည်တော် မေ ၃၁
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကော်မတီအနေဖြင့် ကုမ္ပဏီအလိုက် ပြည်ပမှတင်သွင်းရာတွင် စနစ်တကျဖြစ်စေရေး၊ မျှမျှတတဖြစ်စေရေး၊ ပွင့်လင်းမြင်သာမှုဖြစ်စေရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အမှန်တင်သွင်းသည့် ပမာဏကိုအခြေခံပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းသွားမည်ကို အသိပေးပြောကြားလိုပါကြောင်း၊ အမှန်တကယ်သုံးစွဲမှုကြောင့် ထပ်မံလိုအပ်ချက်ရှိလျှင်လည်းစိစစ်ပြီး ထပ်မံတင်ပြ/ ထောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၏ စိစစ်တင်ပြချက်အရ ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်သုံးလအတွက် စုစုပေါင်းဓာတ်မြေဩဇာတန်ချိန် ၆ ဒသမ ၇၉ သိန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၁၀၉၂၂ တန်တို့ ထောက်ခံပေးခဲ့ပြီးဖြစ်ကြောင်း၊ ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိပြီးမှု၊ တင်သွင်းပြီးမှု၊ အကြောင်းအမျိုးမျိုးကြောင့် တင်သွင်းရန် နှောင့်နှေးမှုများရှိခဲ့ပြီး လိုင်စင်သက်တမ်းတိုးပေးထားမှုများအပေါ် ကုမ္ပဏီအလိုက် သွင်းအားစုများရောက်ရှိပြီး အခြေအနေတို့ကို ပြန်လည်တင်ပြပေးစေလိုကြောင်း၊ လိုအပ်သည့် အချက်အလက်များရရှိရေးကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ပေးထားပါကြောင်း။
ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးမှုအနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၇၃၀၀၀ နှုန်းဖြစ်လာသည့်အတွက် ရောင်းဈေးနှုန်းများ ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်ပြီး တောင်သူများအတွက် ဈေးနှုန်းသက်သာပါကြောင်း၊ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပြည်ပပေါက်ဈေး အပြောင်းအလဲရှိနိုင်သည့်အတွက် လုပ်ငန်းစဉ်များ မြန်ဆန်သွက်လက်ရန်လိုအပ်သဖြင့် သက်ဆိုင်ရာဌာနများက မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
ယခု မိုးစပါးရာသီအတွက် သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် လျာထားချက်များနှင့် ထောက်ခံပေးခဲ့မှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ်လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင်များက မိမိတို့သက်ဆိုင် ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သွင်းအားစုများ ဈေးသက်သာစွာဖြင့် အချိန်မီရရှိရေး ဆောင်ရွက်ရာတွင် မိုးစပါးစိုက်ပျိုးပြီးပါက ဆက်လက်ဆောင်ရွက်မည့် ဆီထွက်သီးနှံနှင့်ဝါစိုက်ပျိုးရေး စီမံကိန်းများအတွက်ပါ ကြိုတင်မြော်တွေးစီစဉ်ဆောင်ရွက်ကြရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်