Skip to main content

ရေခဲတောင်ဂေဟစနစ်နှင့် သစ်တောများ ထိန်းသိမ်းခြင်းဖြင့် ဧရာဝတီမြစ်ကြီး၏ ရေဝေရေလဲဒေသတစ်ခုလုံး ထိန်းသိမ်းရာရောက်စေမည်

ရန်ကုန် မေ ၃၁

ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲလာမှုဖြစ်စဉ်တို့ကြောင့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ထက်တစ်နှစ် ရင်ဆိုင်လာရလျက်ရှိရာ ရေခဲတောင်များကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုထိန်းညှိမှုတွင်အရေးပါသော ရေခဲတောင်ဂေဟစနစ်နှင့် သစ်တောများကို ဝိုင်းဝန်းထိန်းသိမ်းခြင်းဖြင့် ဧရာဝတီမြစ်ကြီး၏ ရေဝေရေလဲဒေသတစ်ခုလုံးကို ထိန်းသိမ်းရာရောက်စေမည်ဖြစ်ကြောင်း ခါကာဘိုရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ခါကာဘိုရာဇီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာ ရေခဲတောင်တန်းတွေ၊ ရှားပါးတောရိုင်းတိရစ္ဆာန်တွေနဲ့ နို့တိုက်သတ္တဝါ ၄၃ မျိုး၊ ငှက်မျိုးစိတ် ၄၇၀ နီးပါး ရှိပါတယ်။ အပင်မျိုးစိတ် ၂၉၇ မျိုးရှိပြီးတော့ ရှားပါးဆေးဖက်ဝင်အပင် ၂၄ မျိုးလည်း ရှင်သန်ပေါက်ရောက်နေပါတယ်။ ရေခဲတောင်ဂေဟစနစ်နဲ့ လိုက်ဖက်ညီ တဲ့ သားမင်း၊ ပန်ဒါနီ၊ ကတိုးဂျီ(ချေ)နဲ့ ရေခဲတောင်ဆိတ်တို့ ရှင်သန်ကျက်စားတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒါဟာလည်း ရေခဲတောင်တန်းနဲ့သစ်တောတွေ ရှင်သန်တည်ရှိမှုကြောင့်ပါ။ ဒီမှာနွေရောက်ရင် ရေခဲတောင်တွေ အရည်ပျော်လာတယ်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံလာရတဲ့သဘောပါပဲ။ ကမ္ဘာ့ကြီးပူနွေးလာမှုဟာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်လာစေတာကြောင့် သဘာဝဘေးအန္တရာယ်တွေ ပိုပြီးရင်ဆိုင်လာရတာကို သတိပြုမိမှာပါ ဟု ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဒေါ်အယ်လ်ကေစီယွန်က ပြောသည်။

ကုန်းတွင်းပိုင်း ဂေဟစနစ်၊ တောင်ပေါ်ဒေသ သစ်တောများနှင့် ပင်လယ်ကမ်းရိုးတန်းဒေသ ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ကောင်းမွန်သော ရာသီဥတုဖြစ်စဉ်ကို ပြန်လည်ရရှိစေမည်ဖြစ်သည်။ ဖုန်ကန်ရာဇီရေခဲတောင်ဧရိယာသည် အိန္ဒိယနိုင်ငံနှင့်ထိစပ်လျက်ရှိပြီး ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် တရုတ်နိုင်ငံနှင့် အများဆုံး ထိစပ်နေသောကြောင့် မြန်မာ့ရေခဲတောင်ဒေသသည် နိုင်ငံကြီးနှစ်နိုင်ငံ အကြားတွင်တည်ရှိနေ၍ ခရီးသွားလုပ်ငန်း၊ ရေခဲတောင်တက်ခရီးစဉ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်တို့တွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လက်တွဲလုပ်ဆောင်ရန် အခွင့်အလမ်းများစွာ ရရှိလျက်ရှိသည်။

မြန်မာနိုင်ငံမှာဆိုရင် ရေခဲတောင်တွေ၊ သစ်တောတွေနဲ့ ပင်လယ်ကမ်းရိုးတန်းတွေရှိတာကြောင့် ရေခဲတောင်ဂေဟစနစ်နဲ့ သစ်တောတွေကို ထိန်းထားနိုင်မယ်ဆိုရင် ဧရာဝတီမြစ်ရဲ့ ရေဝေရေလဲဒေသတစ်ခုလုံးကို ထိန်းသိမ်းထားရာရောက်စေပြီး ဧရာဝတီမြစ်ကြီးရဲ့အလှတည်တံ့နေမှာပါ။ ရေခဲတောင်နဲ့တောတောင် တွေပြုန်းတီးသွားမယ်ဆိုရင် ရေအရင်းအမြစ်တွေ တဖြည်းဖြည်းနဲ့ ခန်းခြောက်လာနိုင်ပါတယ်။ သဘာဝထိန်းသိမ်းရေးဧရိယာတွေ ရေရှည်တည်တံ့ဖို့အတွက် နိုင်ငံတော်အစိုးရတစ်ခု တည်းဆောင်ရွက်လို့မရပါဘူး။ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမှာပါ။ တကယ်လည်း လိုအပ်နေပါတယ်။ ထိန်းသိမ်းကာကွယ်မှုရဲ့ အကျိုးဆက်ကို အနာဂတ်မျိုးဆက်တွေပဲ ခံစားရမှာပါ။ ဒါကြောင့်မြန်မာပြည်မြောက်ဖျားက ရေခဲတောင်ဂေဟစနစ်တွေနဲ့ သစ်တောတွေ ရေရှည်တည်တံ့ပြီး ပင်လယ်ကမ်းရိုးတန်း ဒေသတွင် စိမ်းလန်းစိုပြည်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သဘာဝအလှဟာ ပိုပေါ်လွင်လာပြီး မျှတတဲ့ရာသီဥတုကို အမြန်ပြန်လည် ရရှိစေမှာပါဟု ဒေါ်အယ်လ်ကေစီယွန်က ဖြည့်စွက်ပြောကြားသည်။

မြန်မာပြည်မြောက်ဖျားရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် ရေခဲတောင်သဘာဝအလှဖြင့် ဇီဝမျိုးစုံမျိုးကွဲ များစွာ ကြွယ်ဝလျက်ရှိသည့်အပြင် ဧရာဝတီမြစ်ကြီး၏ အဓိက ပင်မရေဝေ ရေလဲ ဒေသတစ်ခုဖြစ်သည်။ ပေပေါင်း ၁၉၂၉၆ ပေကျော်မြင့်ပြီး ဧက ၉၄၂၀၈၀ ကျယ်ဝန်းသော ဧရိယာအတွင်း သစ်တောများကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်မှုဖြင့် ရေခဲတောင်များ ပုံမှန်ထက်အရည်ပျော်လာမှုကို တားဆီးကာကွယ်နိုင်မည်ဖြစ်ရာ ဖုန်ကန်ရာဇီရေခဲတောင်ဒေသရှိ ဂေဟစနစ်များကို ထိန်းသိမ်းခြင်းဖြင့် ဧရာဝတီမြစ်ကြီး၏ ရေဝေရေလဲဒေသတစ်ခုလုံးကို ထိန်းသိမ်း ရာရောက်စေမည်ဖြစ်ကြောင်း သိရသည်။

ညိမ်းသူ - သတင်းစဉ်

ဓာတ်ပုံ - ခင်မောင်လတ်