Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျောင်းဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် ကျောင်းသားများ သုတေသနဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး

နေပြည်တော် မေ ၃၁

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သော ကျောင်းဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အရ ဤအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဇွန် ၃ ရက်တွင် ကျောင်းများ အားလုံး ဖွင့်လှစ်မည်ဖြစ်ရာ ခေတ်မီအင်ဂျင်နီယာနည်းပညာများကို ကျောင်းသားကျောင်းသူများ ရွှင်လန်းတက်ကြွစွာ လေ့လာဆည်းပူးနိုင်သည့် ဝန်းကျင်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေး တစ်တပ်တစ်အားဖြစ်စေမည့် အရည်အသွေးစံမီသည့် အင်ဂျင်နီယာများ/နည်းပညာရှင်များကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေးနှင့် ပြည်သူများကို အမှန်တကယ်အလုပ်အကျွေးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေးတို့ကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းတိုက်တွန်းမှာကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်ကြသော နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ ကျောင်းအုပ်ကြီးများက ကျောင်းအပ်နှံပြီးစီးမှုနှင့် ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်နည်းပညာ တက္ကသိုလ်ရှိ စာသင်ခန်းများနှင့် လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုများ၊ ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပင်မဆောင်ရှိ Maker Space အခန်းတွင် ပါရဂူဘွဲ့ သင်တန်းသားများ၏ လျှပ်စစ်သုံးယာဉ် အားသွင်းခြင်းအမျိုးမျိုးနှင့် လျှပ်စစ်သုံးယာဉ် ဘက်ထရီဆိုင်ရာ သုတေသနလုပ်ငန်းများ၊ စပါးခွံလောင်စာသုံး Gasifier ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ နိုင်ငံတော်ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ကျကျ အထောက်အကူပြုနိုင်သည့် သုတေသန ရလဒ်များရရှိစေရေး ဦးတည်ဆောင်ရွက်ရန်မှာကြားပြီး သုတေသနထူးချွန်သည့် ကျောင်းသားများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီးဆရာနှင့် ကျောင်းသားများ စာကြည့်တိုက်အသုံးပြုမှုနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေသန စင်တာများရှိ Lab Facilities များကို ကြည့်ရှုစစ်ဆေးကာ ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့် သုတေသနလုပ်ငန်းများဖြင့် အစဉ်ရှင်သန်သက်ဝင်နေစေရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသားအဆောင်များ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာများ၊ ပြည်သူ့အင်ဂျင်နီယာလူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်