Skip to main content

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၃၁

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်း ကော်မတီ (၁/ ၂၀၂၄) အစည်း အဝေးကို ယနေ့နံနက် ၉နာရီက သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ကျင်းပရာ ဘူမိဥယျာဉ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ပထမဆုံးသော အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်ပြီးဖြစ်သော ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်မည့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းတင်ပြဆွေးနွေး ဆုံးဖြတ်နိုင်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး အလားအလာကောင်းများရှိသည့် နေရာအများအပြားရှိသည့်အနက် ပုပ္ပားတောင်ဒေသသည် အလားအလာအကောင်းဆုံးဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ပုပ္ပားတောင်ဒေသကို မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဘူမိနယ်မြေ ၁၅ ခုဖြင့် ပါဝင်ဖွဲ့စည်းထားသည့် “ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ကို သတ်မှတ်ကြေညာနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းမှ ရန်ပုံငွေခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကမ္ဘာ့ဘူမိဥယျာဉ်သတ်မှတ်ခံရရေးအတွက် UNESCO သို့ စာရင်းတင်သွင်းရာတွင် သဘောသဘာဝမတူညီသော ဘူမိနယ်မြေများလေ ပိုကောင်းလေဖြစ်သောကြောင့် နောက်ထပ်ဘူမိနယ်မြေ အသစ်များကို ဆက်လက်ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ ပုပ္ပားတောင်ဒေသအတွင်း အဆိုပြုဘူမိနယ်မြေ ၁၄ ခုကိုလည်း အတည်ပြုသတ်မှတ်ခံရရေး ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနနှင့် ဒေသခံပြည်သူများ၏ သဘောတူညီချက်များ ရရှိရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုပါကြောင်း၊၊

ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) အဖြစ် သတ်မှတ်နိုင်ပါက နိုင်ငံ၏ထူးခြားထင်ရှားသော သဘာဝအမွေအနှစ် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူပြုနိုင်ရုံသာမက မြန်မာနိုင်ငံ၏သဘာဝသယံဇာတကြွယ်ဝမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ပိုမိုသိရှိလာစေနိုင်ပါကြောင်း၊ သဘာဝအလှတရား၊ ဇီဝမျိုးစုံမျိုးကွဲ၊ ရှေးဟောင်းအမွေအနှစ်၊ ယဉ်ကျေးမှုသမိုင်း စသည့်တန်ဖိုးကြီးမားပြီး အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များကို ဘူမိဥယျာဉ်တွင် တစ်စုတစ်စည်းတည်း တွေ့ရှိနိုင်မည်ဖြစ်သည့်အတွက် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်သတ်မှတ်ခံရရေးအတွက် စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သောဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့်သုတေသနဆိုင်ရာအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် ကော်မတီဝင်အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် ဘူမိဥယျာဉ် လုပ်ငန်းကော်မတီအတွင်းရေးမှူး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောမြေပြင်ပရှိ ဘူမိနယ်မြေ ၁၄ ခုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေသုံးစွဲဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ကော်မတီအဖွဲ့ဝင် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်ညွန့်တင်က ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) Cheeklist ပါ အချက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြကာ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်