ရန်ကုန် မေ ၃၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်များနှင့် အမျိုးသားစာကြည့်တိုက်များကို လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်သို့ရောက်ရှိပြီး စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင်များအားတွေ့ဆုံ၍ ပြည်သူများ စာပေဖတ်ရှုမှုအဆင်ပြေစေရေးအတွက် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ပေးရန်လိုအပ်ပါကြောင်း၊ သတင်းအချက်အလက်များ မှန်ကန်စွာသိရှိစေရန်အတွက်လည်း သတင်းစာ၊ ဂျာနယ်များထားရှိပေးရေးနှင့် လူငယ်များအား စာကြည့်တိုက်သို့ဝင်ထွက်သွားလာ၍ စာအုပ်၊ စာစောင်များလေ့လာဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုရုံသာမက မိမိတို့ရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်ဆွေးနွေးခြင်း၊ မျှဝေခြင်းတို့ကိုလည်း မဖြစ်မနေဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် စာကြည့်တိုက်ကို ယခုထက်ပိုမိုတိုးတက်ကောင်းမွန်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန်မှာကြားပြီး ထောက်ပံ့ငွေကျပ်သိန်း ၂၀ နှင့် စာအုပ်စာစောင် ၁၀၀ ကို ပေးအပ်လှူဒါန်းသည်။
အဆိုပါ မြို့မစာကြည့်တိုက်သည် ရန်ကင်းမြို့နယ် အမှတ် (၄) ရပ်ကွက်၊ ရန်နိုင်လမ်းသွယ် (၇) တွင်တည်ရှိပြီး စာအုပ်စာစောင်ပေါင်း ၅၀၀၀ ကျော်ဖြင့် စာကြည့်တိုက်ဖွင့်လှစ်နေခြင်းဖြစ်ကာ အခါအားလျော်စွာ ဆွေးနွေးပွဲများကျင်းပ၍ ရပ်ကွက်နေပြည်သူများအား အသိပညာ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်ကိုရောက်ရှိပြီး စာကြည့်တိုက်ဖွင့်လှစ်ဆောင်ရွက်နေသည့် အခြေအနေများမေးမြန်းကာ တာဝန်ရှိသူများကို ဆွေးနွေးမှာကြားရာ၌ ယနေ့အချိန်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်၏ အသွင်အပြင်နှင့် စာအုပ်စာစောင်များသည် ဗဟုသုတရှာဖွေနေသည့်လူငယ်များ၊ ကျောင်းသားကျောင်းသူများအတွက် အဆင်ပြေစွာအသုံးပြုနိုင်မည့် စာကြည့်တိုက်ပင်ဖြစ်ပါကြောင်း၊ စာကြည့်တိုက်လုပ်ငန်းများကို ယခုကဲ့သို့ ငွေကြေးအကုန်အကျခံကာ စီစဉ်ဖွင့်လှစ်ပေးမှုအတွက် လွန်စွာကျေးဇူးတင်ရှိပါကြောင်း၊ ရည်ညွှန်းစာဖတ်ခန်းရှိ စာအုပ်စာစောင်များသည် ဘာသာရပ်အမျိုးအစားစုံလင်ပြီး အလွယ်တကူရှာဖွေဖတ်ရှုနိုင်သည့်အတွက် အဆင့်မီသည့် စာကြည့်တိုက်တစ်တိုက် ပင်ဖြစ်ပါကြောင်းနှင့် ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး စာအုပ်စာစောင် ၅၀ ကို ပေးအပ်လှူဒါန်းသည်။
ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသင်းသားဦးရေ ၂၃၉၆ ဦးဖြင့် စာငှား၊ စာဖတ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအချိန် တွင် မြန်မာဘာသာစာအုပ် ၇၅၀၀ ကျော် နှင့် အင်္ဂလိပ်ဘာသာစာအုပ် ၂၉၅၈၁ အုပ်၊ အခြားဘာသာစာအုပ် ၁၁၇ အုပ်ဖြင့် စာကြည့်တိုက် ဖွင့်လှစ်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် စာငှား၊ စာဖတ်လုပ်ငန်းများကို မေးမြန်းကြည့်ရှုကာ ဝန်ထမ်းများအား မိမိတို့ပြန်ကြားရေးဝန်ကြီးဌာန စာကြည့်တိုက်များကို အများပြည်သူ ဝင်/ထွက် သွားလာချင်စဖွယ်ဖြစ်အောင် ဖန်တီးပေးထားရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များ၏ အသွင်အပြင်နှင့် ဥပဓိရုပ်များကို ယခုထက်ပိုမိုကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်ပေးထားရမည်ဖြစ်ကြောင်း၊ ပြည်သူများအား စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်၍ စာပေလေ့လာဖတ်ရှုနိုင်အောင် ကြိုးပမ်းပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို သွားရောက်လေ့လာ၍ တာဝန်ရှိသူများအား အမျိုးသားစာကြည့်တိုက်၏ ဝန်ဆောင်မှုလုပ်ငန်းများသည် ကောင်းမွန်သော်လည်း ပြည်သူများ လာရောက်အသုံးချမှုနည်းပါးနေသဖြင့် ပိုမိုအသုံးပြုလာစေရန် မိမိတို့ဝန်ကြီးဌာနက မီဒီယာအားဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကို ပြည်သူများက ယခုထက် ပိုမိုအသုံးပြုကြစေရေး စည်းရုံးဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
နံနက်ပိုင်းတွင်လည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံသို့သွားရောက်၍ အဆောက်အအုံ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ယခုရုပ်ရှင်ရုံကြီးကို ဂုဏ်ပြုခံကဇာတ်ရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ လိုအပ်သည့်ပြင်ဆင်ဆောင်ရွက်မှုများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြင်ဆင်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ယခုအဆောက်အအုံကြီးသည် ရန်ကုန်မြို့၏ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံ ကြီးတစ်ခုဖြစ်သည့်အတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျပြင်ဆင်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်