Skip to main content

သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား International Award for Promotion of Buddhism ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကျင်းပ

ရန်ကုန် မေ ၃၁

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား အိန္ဒိယသမ္မတနိုင်ငံက ချီးမြှင့်​သော International Award for Promotion of Buddhism ဘွဲ့တံဆိပ်ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ အိန္ဒိယစင်တာ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတိုက် ဆရာတော်ဦးသောဘိတ၊ ရခိုင်ပြည်နယ်အလိုတော်ပြည့်ဝိပဿနာစင်တာနှင့် ကျောင်းတိုက်ဆရာတော် ဦးပညာဇောတနှင့် ဆရာတော်သံဃာတော်များ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abjay Thaku ၊ Indian Council for Cultural Relations (ICCR)မှ ညွှန်ကြားရေးမှူးချုပ် H.E.Mr.Kumar Tuhin ၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များမှ ICCR သင်တန်းသား၊ သင်တန်းသူဟောင်းများ၊ မြန်မာနိုင်ငံရှိ အိန္ဒိယနွယ်ဖွား ဗုဒ္ဓဘာသာဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် Swami Vivekananda Cultural Center (SVCC) မှ ကျောင်းသားကျောင်းသူလေးများက ရိုးရာယဉ်ကျေးမှုတေးဂီတဖြင့် သီဆိုကပြဖျော်ဖြေကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသူလေးများက ဆီမီးခွက်အကဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် Indian Council for Cultural Relations (ICCR) မှ ညွှန်ကြားရေးမှူးချုပ် H.E.Mr.Kumar Tuhin က အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ဝမ်းမြောက်မုဒိတာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ဝမ်းမြောက်မုဒိတာစကားပြောကြားသည်။

ယင်းနောက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် Indian Council for Cultural Relations (ICCR)မှ ညွှန်ကြားရေးမှူးချုပ်တို့က ဆီမီးထွန်းညှိပူဇော်ကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက သင်္ကန်းများဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ သီတဂူဆရာ တော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံ Indian Council for Cultural Relations (ICCR) မှ ညွှန်ကြားရေးမှူးချုပ် H.E.Mr.Kumar Tuhin က Conferring International Award for Promotion of Buddhism ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းသည်။

ယင်းနာက် သီတဂူဆရာတော်ကြီးက ဩဝါဒစကားမြွက်ကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီသည် ဗုဒ္ဓဘာသာထွန်းကားရေးအတွက် ဆောင်ရွက်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ပညာရှင်များ၊ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား အသိမှတ်ပြုဂုဏ်ပြုခြင်းနှင့် ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတကာဆုကို ၂၀၂၁ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။

ထိုဆုကို Otani University (Japan), Dr. Duong Thi Thanh Huong (Vietnum) နှင့် Mr. Choijamts Demberel (Mongolia) တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော ဗုဒ္ဓဘာသာဆက်နွှယ်မှုကို မျှဝေခဲ့ကြပြီး ယဉ်ကျေးမှုပြန့်ပွားရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။
သီတဂူဆရာ​တော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ၏ ဘာသာသာသနာထွန်းကားပြန့်ပွားရန် ကြိုးပမ်းအားထုတ်မှုကို ပိုမိုအားကောင်းစေခဲ့ပြီး မတူကွဲပြားသော လူမှုအသိုက်အဝန်းများကြား သဟဇာတဖြစ်တည်မှုနှင့် နားလည်သဘောပေါက်မှုတို့ကို မြှင့်တင်ဆောင်ရွက်တော်မူနိုင်ခဲ့သည်။

သီတဂူ ဆရာ​တော်ကြီးအား ၂၀၂၃ ခုနှစ်တွင် “ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေး ဆောင်ရွက်မှုအတွက်” နိုင်ငံတကာဆုကိုဆက်ကပ် လှူဒါန်းခြင်းဖြစ်ရာ ထိုဆုကို ဆက်ကပ်လှူဒါန်းခြင်းသည် ဆရာ​တော်ကြီး၏ မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် ပြည်ပနိုင်ငံများအထိ ဗုဒ္ဓဘာသာနှင့်တရားဒေသနာတော်များ ပြန့်ပွားရေးအတွက် ကိုယ်ကြိုးမဖက် အလေးထားဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်