ရန်ကုန် မေ ၂၈
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တပ်ကုန်း(ရုံးချုပ်) Radio Dubbing Studio (1) ၌ ကျင်းပရာ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူသီရိ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း လယ်ဝေး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဇေယျာသီရိ၊ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း ပုဗ္ဗသီရိ၊ ရွှေနံ့သာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဥတ္တရသီရိတို့မှ ကျောင်းသူ ကျောင်းသားငါးဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။
ယှဉ်ပြိုင်ဖြေဆို
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက် ၁၄ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူငါးဦးတို့က Round တစ်ခုလျှင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်းဆိုင်ရာ ပညာရပ်ဆိုင်ရာမေးခွန်းနှစ်ခုနှင့် ရေဒီယိုမှထုတ်လွှင့်သည့် အစီအစဉ်ပိုင်းဆိုင်ရာ မေးခွန်းနှစ်ခု စုစုပေါင်း မေးခွန်းလေးခုစီဖြင့် Round လေးခုတွင် ယှဉ်ပြိုင်ဖြေဆိုကြခြင်း ဖြစ်သည်။
ထိုသို့ယှဉ်ပြိုင်ကြရာ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပထမဆုကို ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း ပုဗ္ဗသီရိ Grade-11 မှ မဝင့်သန္တာအောင်ကလည်းကောင်း၊ ဒုတိယဆုကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဇေယျာသီရိ Grade-9 မှ မကေသရီစိုးစံ ကလည်းကောင်း၊ တတိယဆုကို အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူသီရိ Grade-11 မှ မောင်သူရိန်ကိုဦးကလည်းကောင်း၊ အထူးဆုနှစ်ဆုကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းလယ်ဝေး Grade-8 မှ မပန်းပန်းမျိုးမြတ်မြင့်နှင့် ရွှေနံ့သာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဥတ္တရသီရိ Grade-7 မှ မောင်မင်းစစ်မှူးတို့ကလည်းကောင်း ရရှိကြပြီး ဆုရရှိကြသူများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူက ဆုများ ပေးအပ်ချီးမြှင့်သည်။
ထုတ်လွှင့်မည်
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပမှုကို မေ ၂၈ ရက်နှင့် မေ ၂၉ ရက် ည မြန်မာ့အသံရေဒီယိုမှ ပြည်တွင်းသတင်းများ ကြေညာအပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ရေဒီယိုဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို အများပြည်သူစိတ်ဝင်စားမှုပိုမိုရရှိပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရေးအသိပညာ မျှဝေလှုံ့ဆော်ခြင်းဖြင့် လူထုလှုပ်ရှားမှု ရယူအားဖြည့်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြိုင်ပွဲငါးကြိမ် ကျင်းပမည်ဖြစ်ပြီး တစ်ကြိမ်စီမှ ပထမနှင့် ဒုတိယဆုရရှိသူ နှစ်ဦးစီဖြင့် စုစုပေါင်း ၁၀ ဦးကို ၂၀၂၄ ခုနှစ် ဩဂုတ် လ ဒုတိယပတ်အတွင်း ကျင်းပမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်