နေပြည်တော် မေ ၂၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်) မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသများတွင် ခရစ်ကက်အားကစားနည်း ပြန့်ပွားစေရန်အတွက် မျိုးဆက်သစ်ခရစ်ကက် အားကစားသမားများကို ရှာဖွေစုဆောင်းပြီး လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ ယခုကဲ့သို့ နည်းပြနှင့် ဒိုင်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို အချိန်တိုအတွင်း သိရှိလေ့လာခွင့် ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် လက်ရှိကျင့်သုံးနေသည့် Rules and Regulations များကို အလွယ်တကူ သိရှိနားလည်လာမည် ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသည့် သင်ခန်းစာများကို သင်ယူလိုစိတ်အပြည့်အဝဖြင့် သေချာစွာလေ့လာသင်ယူပြီး ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခရစ်ကက်အားကစားနည်းဖြင့် ရွှေတံဆိပ်များစွာ ရယူပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ခရစ်ကက်နည်းပြနှင့် ဒိုင် (အဆင့်မြင့်) မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို မေ ၂၇ ရက်မှ ဇွန် ၇ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၉ ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်