နေပြည်တော် မေ ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက် တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းဘောလုံးကွင်း ဆောင်ရွက်ထားမှု၊ စာသင်ခန်းအတွင်း ပြင်ဆင်ထားရှိမှု၊ အခြေခံပညာမူလတန်းအဆင့်၊ အခြေခံပညာ အလယ်တန်းအဆင့်၊ အခြေခံပညာအထက်တန်း အဆင့်တို့အတွက် စာရိတ္တနှင့်ပြည်သူ့နီတိ၊ အနုပညာ၊ ကာယပညာနှင့် စာကြည့်တိုက်အပါအဝင် ဘာသာရပ်အလိုက် စာသင်ချိန်သတ်မှတ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့် ကလေးများအားလုံးကို ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေး၍ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ ရက် မှ ၂၇ ရက်အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၁၆၀၀၁၉ ဦးထိ လာရောက်ကျောင်းအပ်နှံကြကြောင်း သိရသည်။
သတင်းစဉ်