Skip to main content

စွမ်းအင်ဝန်ကြီးဌာနရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၇

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနရုံး အမှတ် (၆)ရှိ ရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဝန်ထမ်းများအနေဖြင့် သားသမီးများအတွက် ပညာအမွေပေးနေခြင်းကိုဌာနအနေဖြင့် ကူညီပံ့ပိုးပေးခြင်းပင် ဖြစ်ပါကြောင်း၊ ပညာသင်ယူ တတ်မြောက်မှသာ အသိပညာ၊ ဗဟုသုတပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာရှိမည်ဖြစ်သည့်အတွက် ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြစ် ပါကြောင်း၊ “မိဘဆရာပူးပေါင်း ကလေးပညာကောင်း” ဆိုသော စကားရပ်နှင့်အညီ ကလေးများ ကျောင်းတက်မှန်ရေး၊ စစ်ဆေးအကဲဖြတ်ပေးရေးကိစ္စများကို မိဘများကလည်း ဆရာများနှင့် ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်ကို အလုပ်အကျွေးပြုမည့် လူရည်ချွန်၊ လူရည်မွန်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာကြစေရန် ကြိုးစားစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များက ကျောင်းသား ကျောင်းသူသားငယ် သမီးငယ်များကို ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်သည်။

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၅၃၁၇ ဦးအတွက် ပညာသင် ထောက်ပံ့ကြေး ငွေကျပ် ၆၁,၅၈၅,၀၀၀ ကို ထောက်ပံ့ပေးအပ်သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်