Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေး မှတ်သားဆောင်ရွက်ကြရန်မှာကြား

နေပြည်တော် မေ ၂၇

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေစွာ အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်နိုင်ရေး သန်းခေါင် စာရင်းအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်း၌ ကျင်းပသည်။

 အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ သင်တန်းသားအရာရှိများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့်အလိုက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ရသူများအနေဖြင့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာငွေသုံးစွဲရေးဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း။

အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

သင်တန်းသားများအနေဖြင့် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်က ပေးအပ်သောတာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်ရည်၊ တာဝန်ကျေပွန်မှုတို့နှင့် ပေါင်းစပ်ကာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာလုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းအတွင်းရှိ သင်တန်းသား အိပ်ဆောင်များနှင့် ရေ၊ မီး၊ မိလ္လာ အဆင်ပြေစေရေး ဆောင်ရွက်ထားရှိမှုနှင့် စားရိပ်သာ အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါသင်တန်းသို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သင်တန်းသားအရာရှိ ၅၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သုံးရက်ကြာ မြင့်မည်ဖြစ်ကာ ယခုကဲ့သို့ အုပ်ချုပ်မှုသင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာရှိများကို ပုံမှန်လုပ်ငန်းတာဝန်များ မထိခိုက်စေဘဲ ခုနစ်ကြိမ်ခွဲ၍ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်