နေပြည်တော် မေ ၂၇
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခဲ့ကြောင်း၊ ယခုအခါ မတည်ထောက်ပံ့ငွေထုတ်ပေးခဲ့မှု၊ ထုတ်ချေးပြီးစီးမှုနှင့် ချေးငွေပြန်လည်ပေးဆပ်မှု၊ နယ်မြေဒေသအခြေအနေနှင့် မိုခါမုန်တိုင်းတိုက်ခတ်မှုတို့ကြောင့် ချေးငွေ အရင်း/အတိုး ဆိုင်းငံ့ပေးခဲ့မှုများ၊ ချေးငွေများထုတ်ချေးရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးနိုင်ရေး၊ ချေးငွေစာရင်းဇယားများကို စနစ်တကျပြုစုထားရှိရေး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ဆေးဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ သင်တန်းဖွင့်လှစ်ပို့ချခဲ့မှု အခြေအနေများကို ကော်မတီဝင်များအားလုံး စနစ်တကျသုံးသပ် ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ယခုအစည်းအဝေးတွင် မှတ်တမ်းတင်ရန်နှင့် အတည်ပြုဆုံးဖြတ်ရမည့် ကိစ္စရပ်များကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးတို့ကလည်းကောင်း ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များက (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြသည့်ကိစ္စရပ် များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထူထောင်၍ နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ အထွက်တိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ကျေးလက်ဒေသ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသို့ တာဝန်ပေးဆောင်ရွက်လျက်ရှိရာ ကျေးလက်နေပြည်သူများနှင့် တောင်သူဦးကြီးများအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်