Skip to main content

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု ဆက်လက်ဆောင်ရွက်

နေပြည်တော် မေ ၂၇

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိသတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပဉ္စမရက်ဖြစ်သည့် ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၅၁၆၀၀၁၉ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းများ၏ လုံခြုံရေး၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေမှုများကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။