ရန်ကုန် မေ ၂၆
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လှော်ကားရေဝေရေလဲဒေသ၌ သစ်ပင်များစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ တက္ကသိုလ်အဝင်လမ်းအား ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှု၊ တက္ကသိုလ်မိုးလုံ လေလုံအားကစားရုံ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက် ရန်လုပ်ငန်းများ၊ တက္ကသိုလ် - အေးရွာလေးလမ်းနှင့် အောင်ချမ်းသာရပ်ကွက်(၂) လမ်းထောင့်ရှိ ဆည်မြောင်းချောင်း ရေစီးရေလာအခြေအနေ၊ တက္ကသိုလ်ဝင်း ပင်မလေးထပ်ဆောင် အနောက်ရေစုကန်တူးဖော်ပြီးစီးမှု၊ တက္ကသိုလ်ဝင်း ပင်မလေးထပ်ဆောင်ရှေ့ ရေကန်တူးဖော်ပြီးစီးမှု၊ ရေကန်ပတ်လည် မြေယာရှုခင်းဆောင်ရွက်ထားမှု၊ ရေကန်အတွင်း လျှပ်စစ်ဓာတ်အား ၄၆ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်နှင့် အလှဆင်ရေပန်းတပ်ဆင်မောင်းနှင်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဘုရင့်နောင်တံတားအောက် ပန်းခြံတည်ဆောက်နေမှု၊ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီ မင်္ဂလာကန်တော်တွင် RC Driving Pile အခြေပြု သံကူကွန်ကရစ်တံတား လူလျှောက်လမ်းတည်ဆောက်နေမှုနှင့် ကန်ဘေးအုတ်ရေမြောင်း တည်ဆောက်နေမှု၊ မိုးသည်းထန်စွာ ရွာသွန်းချိန် ရေကြီးရေလျှံမှုမဖြစ်စေရေး အင်းလျားကန်နှင့် ကန်တော်ကြီးတို့၏ ရေပမာဏထိန်းညှိဆောင်ရွက်နေမှု၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်း ရေမြောင်းရေစီးရေလာအခြေအနေနှင့် ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ဥယျာဉ်အတွင်း Poulownia အပင်များ ပြုစုစိုက်ပျိုး ထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းဘေးရေမြောင်းများ စနစ်တကျဖောက်လုပ်ရေး၊ လမ်းညွှန်းအမှတ်အသားများ စနစ်တကျရေးဆွဲထားရှိရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး၊ တက္ကသိုလ်ဝင်းအတွင်း ရေဝပ်မှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ မြေယာရှုခင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ပန်းခြံများအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်သွားရမည့်လုပ်ငန်းများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်