နေပြည်တော် မေ ၂၀
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများကို နားလည်သဘောပေါက်ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) သဘောတရားကို နားလည်ပြီး အရာထမ်းတစ်ဦး သိရှိသင့်သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတများကို ရရှိစေရန်၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ပိုမိုကျေညက်စေရန်၊ ဦးဆောင်နိုင်မှု စွမ်းရည်မြင့်မားစေရန်နှင့် ပေးအပ်လာသော တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်သည့် အရည်အသွေးတိုးတက်စေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ရရှိသည့် အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံများကို ပြည်သူ့အတွက် ကောင်းမွန်သော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေးတို့တွင် အထောက်အကူဖြစ်စေရေး ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းမှာကြားသည်။ အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၁) သို့ သင်တန်းသား ၄၄ ဦး၊ သင်တန်းသူ ၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၂၁ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်