Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီအပူပိုင်းဒေသရှိ ခရိုင်များအတွင်း တစ်ရွာနှစ်ဧက ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများတည်ထောင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် မေ ၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် တောင်ကန်ကြီးကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧကတည်ထောင်မည့် မြေနေရာများပြုပြင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပေါက်ပင်အိုင့်ကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီအကြို ဘက်စုံသုံးတစ်ရွာနှစ်ဧက စိုက်ပျိုးထားရှိမှုနှင့် ကျေးရွာစာကြည့်တိုက်များကိုလည်းကောင်း၊ ရေငံကျေးရွာရှိ ၂၀၂၄ မိုးရာသီကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧက တည်ထောင်မည့်မြေနေရာများ ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ ညောင်ဦးခရိုင်ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာရှိ ၂၀၂၄ မိုးရာသီအကြို ဘက်စုံသုံးတစ်ရွာနှစ်ဧက စိုက်ပျိုးထားရှိမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသခံများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကျေးရွာလူထုနှင့်တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ၂၀၂၄ ခုနှစ် မိုးရာသီတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဧက ၂၂၀၀၀ ကျော်တွင် အပင်ပေါင်း ၂၂ ဒသမ ၃ သန်းကျော် စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ အပူပိုင်းဇုန်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခုတွင် အထူးစီမံချက်ဖြင့် တစ်ရွာနှစ်ဧက ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ပေး သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမည့် သစ်မျိုးများကိုလည်း ပျိုးပင်သက်တမ်း နှစ်နှစ်အထက်၊ ပျိုးပင်အမြင့်နှစ်ပေအထက်ရှိသည့် ဒေသမျိုးရင်းသစ်မျိုးနှင့် အရိပ်ရလေကာသစ်မျိုးများကို တစ်ပင်စိုက်တစ်ပင်ရှင်အောင်တစ်ရွာလျှင် ဝန်ထမ်းတစ်ဦးသတ်မှတ်တာဝန်ပေးပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံကျေးရွာလူထုကလည်း မိမိတို့ရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ်ရှိ နဘူးတောပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၆ မျိုးဖြင့် ပျိုးပင် ၆၇၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ညောင်ဦးမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးသို့ ရောက်ရှိရာတာဝန်ရှိသူများက အပူပိုင်းဇုန်ခရိုင် ၁၃ ခုအတွင်း တစ်ရွာနှစ်ဧက ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံး စိုက်ခင်းတည်ထောင်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအဆင့်အလိုက် အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ရန်နှင့် တစ်ရွာနှစ်ဧက စိုက်ခင်းတည်ထောင်ခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးချောက်ခရိုင် ချောက်မြို့နယ်ရှိ ရွှေပုံတောင်ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၃၂ မျိုးဖြင့် ပျိုးပင်တစ်သိန်းကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ချောက်မြို့နယ် ကိုင်းထောက်ကန်ကျေးရွာ (၁/၂၀၂၄) ကျေးရွာထင်း စိုက်ခင်းဧက ၂၀ စိုက်ပျိုးမည့်နေရာ မြေပြုပြင်ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ကိုင်းထောက်ကန်ကျေးရွာ ၂၀၂၄ ခုနှစ် မိုးရာသီကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧက စိုက်ပျိုးရန်မြေပြုပြင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ ၂၀၂၃ မိုးရာသီ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း အပင် ၃၀၀၀ ရှင်သန်အောင်မြင်မှု အခြေအနေကိုလည်း ကောင်း၊ ကိုင်းထောက်ကန်ကျေးရွာ ၂၀၂၄ မိုးရာသီ ဘက်စုံသုံးစိုက်ခင်း တစ်ရွာနှစ်ဧက စိုက်ပျိုးရန်မြေပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့်တွေ့ဆုံ၍ ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးခရိုင် ရေနံချောင်းမြို့နယ်ရှိ ယာကြီးပြင်ကျေးရွာ ၂၀၂၄ မိုးရာသီအကြို ကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧက စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ဂျုတ်ပင် ကျေးရွာ ၂၀၂၄ မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာနှစ်ဧကစိုက်ပျိုးရန် မြေပြုပြင်ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ မကွေးမြို့နယ်ရှိ အင်တိုင်းကြီးရွာ ၂၀၂၄ မိုးရာသီ ဘက်စုံသုံးစိုက်ခင်း တစ်ရွာနှစ်ဧက စိုက်ပျိုးရန်မြေပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် ကျေးရွာ စာကြည့်တိုက်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့်တွေ့ဆုံ၍ ရာသီဥတုပြောင်းလဲမှု၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် သစ်တောသစ်ပင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုင်ရာများနှင့်ပတ်သက်၍ ပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်