နေပြည်တော် မေ ၁၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျွန်းစုမြို့နယ်၌ စက်လှေတစ်စင်းပေါ်မှ တရားမဝင်အခြားသစ် ၁၈ ဒသမ ၆၆၆ တန်နှင့်အဆိုပါသစ်များ တင်ဆောင်ထားသည့် သစ်သားစက်လှေ တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၉၉၅၀) ကို သစ်တောဥပဒေ အရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့ Honda Wave 110 မော်တော်ဆိုင်ကယ် နှစ်စီးနှင့် Smash 125 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၉၉၅၀ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) ပူးပေါင်းစစ်ဆေးရေးစခန်း၌ ဆီသယ်ယာဉ် တစ်စီးပေါ်မှတရားမဝင် စက်သုံးဆီဒီဇယ်ဆီ ဂါလန် ၁၈၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၅၀၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Howo Tractor Head တစ်စီးနှင့် ဆီသယ်နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ရွှေကျင်စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ကားအပိုပစ္စည်း ဒီဇယ်အင်ဂျင် ရှစ်လုံး၊ သံမဏိချောင်း ကီလိုဂရမ် ၆၉၀ အပါအဝင်ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၁၄၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Hino Profia Truck တစ်စီးနှင့် စက်မှုဇုန်ထုတ် Htila Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇၃၆၄၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက် သီရိမင်္ဂလာ ခုံးကျော်တံတားအဆင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ပဲကြီး အိတ် ၁၄၀၀၊ စက်မှုကုန်ကြမ်းကော်အမှုန့်အိတ် ၂၄၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုးစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် တန် ၅ ဒသမ ၇၇၀၊ သစ်မာ ၁ ဒသမ ၅၉၆ တန်၊ အခြားသစ် ၀ ဒသမ ၁၉၇ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၁၃၅၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ မေ ၁၆ ရက်နှင့် ၁၈ ရက်တို့တွင်ဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွဲ ၁၈ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆၆၇၅၃၀၂ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်