ပြည် မေ ၁၉
ပြည်ခရိုင်အတွင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို မေ ၁၈ ရက်နံနက်ပိုင်းက ပြည်မြို့သီရိခေတ္တရာရတနာခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပြည်မြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား “ပညာဘဏ်တိုက်၊ စာကြည့်တိုက်သီချင်းဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး “စာပဒေသာ ဝေဆာစေမည်” Video Clip အား ကြည့်ရှုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်များအောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြောသည့် အသိုက်အဝန်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းအားဖြင့် အထက်ပါအချက်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စာပေချစ်သူများအနေဖြင့် အွန်လွန်လိုင်းမီဒီယာတွင် စာပေဖတ်ရှုနိုင်သော်လည်း အဆိပ်အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေ၍ မိမိတို့ဘဝအကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုရာတွင် အပျော်ဖတ်စာပေမှစတင်၍ ဗဟုသုတရရှိမည့် စာပေအထိဖတ်ရှုနိုင်ရေး အမှန်တကယ် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည့် စာကောင်းပေမွန်များ ထားရှိပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ခြင်းလုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် မျက်ခြည်မပြတ်ကြီးကြပ်ခြင်း၊ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်သလို တိုင်းဒေသကြီး/ခရိုင်/မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ စာပေချစ်မြတ်နိုးသူစေတနာရှင်၊ အလှူရှင်များက မိမိတို့ဒေသရှိစာကြည့်တိုက်များ ဖွံ့ဖြိုးရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့မှုတို့အပေါ် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသားသင်တန်းသူများက ပျူအကဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး ပြည်ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဒေါ်ခင်နှင်းဆီရွှေက ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းမှကျောင်းသား ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပြည်ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည်ခရိုင်အတွင်း စံငါးချက်ညီစာကြည့်တိုက်ပေါင်း ၅၈ ခု လည်ပတ်လျက်ရှိပြီး ဆက်လက်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အလှူငွေကျပ်သိန်း ၁၅၀ နှင့် စာအုပ်စာစောင် ၃၅၈၉ အုပ် စုစုပါင်းတန်ဖိုးငွေကျပ် ၂၃၁ သိန်းကျော် ထောက်ပံ့ကူညီပေးနိုင်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)