နေပြည်တော် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမြင့်အောင်နှင့် တိုင်းဒေသကြီး၊ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်နှင့် လယ်ယာကုန်ထုတ်လုပ်မှု အရှိန်အဟုန်ကောင်းစွာ တိုးတက်လာစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆောင်းဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစီမံကိန်းများကို ဆက်စပ်ဝန်ကြီး ဌာနများ၏ပူးပေါင်းမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ ၏အနီးကပ်ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းဝင် ကိုယ်စားလှယ်များပူးပေါင်း၍ လျာထားဧကပြည့်မီရေး၊ ကိန်းဂဏန်းစာရင်းဇယားများ တိကျမှန်ကန်မှုရှိစေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ အချက်အလက်ကိန်းဂဏန်းများ ကောက်ယူခြင်း၊ စာရင်းဇယားများ ပြုစုခြင်းလုပ်ငန်းများကို တာဝန်ခံကြရမည်ဖြစ်၍ အလေးအနက်ထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ၂၀၂၄ - ၂၀၂၅ ခုနှစ် မိုးစပါးစီမံကိန်း ဆောင်ရွက်ရန်အတွက် ကုမ္ပဏီ ၂၆ ခု၊ သမဝါယမအသင်း ခုနစ်ခု၊ ဆန်စက်တစ်ခုတို့က အဆိုပြုတင်ပြထားသည့် မိုးစပါးဧကများအပြည့်အဝဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီး အစည်းအဝေးတက်ရောက်လာကြသူများ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာရှိ ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများဌာနစိတ်၏ ဓာတ်ခွဲခန်းလုပ်ငန်းများ၊ စစ်ဆေးရေးနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းတွင် ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ ငါးမျိုးသစ်များ စမ်းသပ်သားဖောက်ခြင်းလုပ်ငန်း၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များ ဖော်ထုတ်သုတေသနပြုခြင်းလုပ်ငန်း၊ ငါးအမျိုးအစားအလိုက် သားဖောက်ခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးသားပေါက်ရောင်းချခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် ကျိုက္ကလို့စက်မှုလယ်ယာ ပင်မပစ္စည်း သိုလှောင်ရုံအဆင့် (က) ၏ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း၊ ပြည်ပမှ ရောက်ရှိလာသည့် လယ်ယာသုံးစက်ကိရိယာများ၊ အပိုပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို လေလွင့်ပျက်စီးဆုံးရှုံးမှုမရှိစေရန်နှင့် သိုလှောင်ထိန်းသိမ်းထားသော ဌာနပိုင်ပစ္စည်းများ၏ စာရင်းဇယားမှတ်တမ်းများကို ဌာန၏ညွှန်ကြားချက်များနှင့်အညီ စနစ်တကျပြုစုထိန်းသိမ်းရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးနိုင်ရေး စနစ်တကျဆောင်ရွက်ရန်ကိစ္စရပ်များ၊ မီးဘေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်